Sunday, July 12, 2009

တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရဟု ကေပီအက်ဖ် ပြောကြား

ဇူလိုင် ၁၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ဟောင်သရော ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)၏ တပ်ရင်းမှူးနှင့် အဖွဲ့ဝင် တချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ကေအဲန်အယ်လ်အေ)က ဘုရား သုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ်(မြိုင်သာယာ)တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီးလိုက် သည်ဟု ကေပီအက်ဖ်ဘက်က ပြောသည်။

“အဲဒီနေ့ မွန်းလွဲ (၂)နာရီကျော်ကျော်လောက်မှာ တပ်ရင်း (၁၆)၊ တပ်ခွဲ (၂)တပ်စုမှူး ဒုဗိုလ်ဆာ့ပယ်ထူးနဲ့ သူ့လူတွေဟာ ကေပီအက်ဖ် တပ်ရင်း (၃) တပ်ရင်းမှူး မန်းလေးဝါးနဲ့ သူ့လူ (၂)ယောက် ကျွန်းချောင်းနဲ့ ဇမိချောင်းကြားမှာ ဖမ်းလိုက်တယ်။ အဲဒီနေ့ည ၈နာရီ လောက်မှာပဲ သက်ကယ်နေရာမှာရှိတဲ့ ကေပီအက်ဖ်စခန်းတခုကို ၀င်သိမ်းလိုက်တယ်။ အဲဒီမှာ ကေပီအက်ဖ် က လူ (၅)ယောက်နဲ့ လက် နက် (၈)လက် ပါသွားတယ်လို့ သူတို့ပြောတယ်”ဟု ကေပီအက်ဖ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ဆိုသည်။


ကေပီအက်ဖ်ခေါင်းဆောင်ဖြစ်သည့် စောသမူဟဲပုံ။

ဖမ်းဆီးခံရသည့် ကေပီအက်ဖ်တပ်ဖွဲ့ဝင်များမှာ ဒုဗိုလ်မှူးကြီး မန်းလေးဝါးနှင့် တပ်သား(၂)နှစ်ဦးအပြင် သက်ကယ်စခန်းမှူး မန်းရွှေကင်း၊ အေးမောင်၊ ဟိန်းစိုး၊ ငပွေး၊ ကြာဘီတို့ဖြစ်ပြီး ၎င်းတို့ထံမှ RPG (၁)လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂)လက်၊ ပစ်စတို(၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို ကေအဲန်အယ်လ်အေက သိမ်းဆည်းရမိသည်ဟု ကေပီအက်ဖ်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေပီအက်ဖ် တပ်ရင်း(၃)မှ ထိပ်ပိုင်းခေါင်းဆောင်တဦးက “မနေ့က ဖြစ်ပျက်တဲ့ဥစ္စာ ကျနော် အကုန် ပြောလို့မရ ဘူး။ တခုတခုချင်း ရှင်းပြခွင့်မရှိဘူး။ ဒါပေမဲ့ ကျနော်တို့လူ(၈)ယောက်ကို ကော်သူးလေ(ကေအဲန်အယ်လ်အေ) လာခေါ်သွားတာကတော့ သေချာပါတယ်။ လက်နက်တချို့လည်း ပါသွားတယ်” ဟု ကရင်သတင်းစဉ်ကို ဇူလိုင်လ ၉ရက်နေ့က ပြောသည်။

၎င်းအပြင် မန်းလေးဝါးသည် ဇွန်လကုန်ပိုင်းတွင် စစ်အစိုးရနှင့် နေပြည်တော်သို့သွားရောက်တွေ့ဆုံခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် သဘော တူလက်ခံလာခဲ့သည်ဟု အဆိုပါကေပီအက်ဖ်ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်၊ သူက “ဗိုလ်လေးဝါးဟာ ဇွန်လ ၃၀ရက်နေ့က နေပြည်တော်မှာ စစ်အစိုးရနဲ့ သွားရောက်တွေ့ဆုံတယ်လေ။ သွားတွေ့တော့ နယ်ခြားစောင့်တပ်ဖြစ်ရေးကို သူ သဘောတူလိုက်တယ်။ ပြီး ခဲ့တဲ့ (၈)ရက်နေ့က အစည်းအဝေးကနေအပြန် လမ်းမှာ အဖမ်းခံလိုက်ရတယ်”ဟု ပြောသည်။

ကေပီအက်ဖ်၏ ယင်းပြောဆိုမှုအပေါ် ကေအဲန်ယူဘက်က မိမိတို့တပ်ဖွဲ့ သွားရောက်ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒအရသာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက ယခုလို တုန့်ပြန်ပြောဆိုသည်။

“ကျနော်တို့ တပ်ရင်း (၁၆)က သတင်းပေးပို့ချက်အရ ဆိုလို့ရှိရင် သူတို့(ဗိုလ်လေးဝါးနှင့်အဖွဲ့) လာရောက်ပူးပေါင်းတာပဲ။ ဒါပေမယ့် ကေပီ အက်ဖ်ဘက်ကတော့ လာဖမ်းတယ်လို့ ပြောရင်ပြောမှာပေါ့။ ကျနော်တို့ သိရလောက်တော့ လာရောက်ပူးပေါင်းတာပဲ”ဟု ၎င်းက ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လ(၈)ရက်နေ့ည ၁၀နာရီခန့်တွင် ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးစိုးမိုးနှင့် လုံခြုံရေးတပ် ရင်း တပ်ခွဲ(၁)မှူးစောအေ၀မ်းတို့ ဦးစီးသည့်အဖွဲ့က မဲ့ကသာရွာသစ်နှင့် ရွာဟောင်းအကြား လမ်းခွရှိ ကေအဲန်ယူ တပ်မဟာ(၆) ဗျူဟာတပ် ဖွဲ့မှ အရာခံဗိုလ်စောအဲဂေ၏ နေ့ကင်းစခန်းကို RPG တလုံး၊ M-79 နှစ်လုံး အပါအ၀င် လက်နက် ငယ်များဖြင့် ၁၅မိနစ်ကြာ ပစ်ခတ်ခဲ့ သော်လည်း နှစ်ဖက်ထိခိုက်မှုမရှိဟု သိရသည်။

ဗိုလ်သုမူဟဲဦးဆောင်သည့် ကေပီအက်ဖ်အဖွဲ့သည် ၁၉၉၇ခုနှစ်တွင် တပ်အင်အား (၅၀)ကျော်နှင့်အတူ စစ်အစိုးရထံ လက်နက်ချ ငြိမ်းချမ်း ရေးယူခဲ့ပြီး လက်ရှိအချိန်တွင် အင်အား (၃၅၀)ကျော်ရှိ တပ်ရင်း(၃)ရင်းဖြင့် ရပ်တည်လျှက်ရှိသည်။ ကေအဲန်ယူ တပ်မဟာ(၆) တပ်ရင်း (၁၆)ကို လက်ရှိအချိန်တွင်ု ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က ဦးစီးလျှက်ရှိသည်။

သတင်းပေးပို့သူ စောသိန်းမြင့် (ကေအိုင်စီ)ကို ကျေးဇူးအထူးတင်ရှိပါသည်

No comments: