Wednesday, July 15, 2009

စစ်တပ်နှင့် ကရင်နီတိုက်ပွဲ ၁ ဦးကျဆုံး၊ ၄ ဦး ဒဏ်ရာရ

နှောင်းလှိုင်/ ဇူလှိုင် ၁၄၊ ၂၀၀၉
ကရင်နီပြည် မယ်စဲ့မြို့နယ်တွင် ကရင်နီတပ်မတော်နှင့် မြန်မာစစ်အစိုးရတပ် ခလရ ၁၃၅ တပ်ဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ခဲ့ကြရာ စစ်တပ်မှ ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သော ကရင်နီတပ်မတော် တစ်ဦးက ပြောသည်။
ယခုလ ၈ ရက်နေ့ ညနေပိုင်းတွင် ထူးဝိုင်လူးချောင်းတွင် တကြိမ်ဖြစ်ပွားကာ ၎င်းတိုက်ပွဲတွင် စစ်အစိုးရဘက်မှ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၉ ရက်နေ့ နံနက်တွင် ကောက်ကောက်နှင့် ခြောက်ပွိုင့်ကြားတွင် ထပ်မံဖြစ်ပွားရာ စစ်အစိုးရ ဘက်မှ ၁ ဦး ကျဆုံးခဲ့ပြီး ကရင်နီ တပ်မတော်ဘက်မှ တစုံတရာ ထိခိုက်မှု မရှိဟု ဆိုပါသည်။
“သူတို့က သူ့စခန်းကနေ အပြင်ကို ထွက်တယ်။ အပြင်ထွက်မှ ကျနော်တို့နဲ့ တိုးကြတာပေါ့။ တိုးကြပြီးတော့ ကျနော်တို့က အရင်ပစ်တယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ကရင်နီတပ်မတော် တစ်ဦးက ပြောသည်။
ကရင်နီတပ်မတော်မှ စောထူးဂေ ဦးဆောင်သည့် လူအင်အား ၁၀ ဦးတပ်ဖွဲ့နှင့် စစ်အစိုးရတပ်မှ တပ်ရင်းမှူး အောင်တိုး ဦးဆောင်သော လူအင်းအား ၂၀ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယခုလ အစောပိုင်းကစပြီး ကရင်နီအမာခံတပ်စခန်း ဖြစ်သော ညာမိုကုန်းကို မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လာမှုများ ရှိနေကြောင်း ညာမိုတပ်စခန်းမှ ကရင်နီတပ်မတော် ဗိုလ်မှူးတစ်ဦးက ပြောသည်။

No comments: