Wednesday, July 15, 2009

ထိုးစစ်အတွက် ငွေနှင့် ဆန် ရွာသားများထံ တောင်းခံ

ဇူလိုင် ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအဲန်ယူတပ်မဟာ (၆)နယ်မြေကို ထိုးစစ်ဆင်ရန်အတွက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)က ရွာသားများထံမှ ငွေနှင့် ဆန်များကို အတင်းအဓမ္မ တောင်းခံသည်ဟု ဒေသခံ ကေအဲန်ယူဘက်က ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင် အခြေစိုက် ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ လက်အောက်ခံ (၉၀၆)တပ်ရင်း တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် တောင်ဒီးကျေးရွာမှ ငွေ ၁၅သိန်းနှင့် ဆန် ၁၇၅တင်းကို တံခွန်တိုင်ရွာစခန်းသို့ ယခုလ (၁၂)ရက်နေ့အရောက် ပို့ဆောင်ပေးရန် အတင်းအဓမ္မ ညွှန်ကြားတောင်းခံလိုက်သည်ဟု ကေအဲန်ယူ တပ်မဟာ(၆)၏ ပြန် ကြားရေးဌာနက ထုတ်ဖော်ပြောဆိုသည်။ ကေအဲန်ယူ တပ်မဟာ (၆) ပြန်ကြားရေးဌာန တာဝန်ခံတဦးက “(၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံက တောင်ဒီးရွာသားတွေဆီက ငွေ ၁၅သိန်းနဲ့ ဆန် ၁၇၅တင်းကို အခုလ ၁၂ရက်နေ့အရောက် တံခွန်တိုင်ရွာက သူတို့စခန်းကို လာပို့ခိုင်းတယ်။
ဆန်နဲ့ ငွေတောင်းခံတာက ခန့်မှန်းချက်အရတော့ ကျနော်တို့နယ်မြေကို ထိုးစစ်ဆင်ဖို့အတွက် ရိက္ခာပြင်ဆင် မှုပဲ ဖြစ်တယ်”ဟု ကရင်သတင်းစဉ်ကို ပြောသည်။ ယင်းသို့ ဒီကေဘီအေမှ ငွေနှင့် ဆန် အဓမ္မ အတောင်းခံရသည့် တောင်ဒီးရွာသည် ကြာအင်းဆိပ်ကြီးအနောက်ဘက် (၁၅)ကီ လိုမီတာခန့် အကွာအဝေးတွင်ရှိပြီး ရွာသားအများစုမှာ လယ်၊ ယာလုပ်ငန်းများဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်းပြုကြ သဖြင့် အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။
ဒီကေဘီအေ (၉၀၆)တပ်ရင်း တပ်ခွဲ(၃)တပ်ခွဲမှူး ဗိုလ်ကြီးမန်းဝင်းယုံသည် ယခင်က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ကေအဲန်ဒီအို) တပ်ရင်း(၆) တပ်ခွဲ(၂) ဒုတပ်ခွဲမှူးအဖြစ် တာဝန်ယူခဲ့သူတဦးဖြစ်သည်ဟု လက်ရှိ ကေအဲန်ဒီအို ဒုဗိုလ်ချုပ်ဖြစ် သူ ဗိုလ်မှူးကြီးစောဆာ့ကလယ်မူးက ပြောသည်။
အလားတူပင် ဘုရားသုံးဆူအခြေစိုက် ဒီကေဘီအေ ကလိုထူးဘောလက်အောက်ခံ (၉၀၁)တပ်ရင်း တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ် ကြီးအေ၀မ်းသည် ယခုလ ၁၁ရက်နေ့ကစတင်၍ ယနေ့အထိ မဲ့ကသာနှင့် ဘုရားသုံးဆူသို့ သွားရာလမ်းကို မည်သူ့ကိုမျှ သွား လာခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ထားသည်ဟု ဘုရားသုံးဆူမြို့ခံများက ပြောသည်။
တချိန်တည်းတွင် ကော့ကရိတ်မြို့နယ် ဝေါ်လေအခြေစိုက် နအဖ စကခ (၁၂)လက်အောက်ခံ နည်းဗျူဟာ (၁)နှင့် (၂) ပူး ပေါင်းတပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ(၆)ထိန်းချုပ်ရာနယ်မြေများဖြစ်သော မဲ့ကသာဂွင်၊ ကိုဒူကွဲဂွင်နှင့် ကျွန်းချောင်းဂွင် စသည့်နယ်မြေများကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်လျှက်ရှိပြီး ယင်းထိုးစစ်ဆင်ချိန်တွင် ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့(ကေပီအက်ဖ်)၊ ဗိုလ်ထင်မောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒီကေဘီအေတပ်ဖွဲ့ ၀င်များအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း စကခ(၁၂)က စီစဉ်ထားသည်ဟု ကေအဲန်ယူ တပ်မဟာ(၆)သတင်းများအရ သိရ သည်။

No comments: