Monday, August 3, 2009

နိုင်ငံတော်လုပ်ကြံမှု

Sunday, August 2, 2009


ပြည်ထောင်စုနှင့် သန်းရွှေ
ဆောင်းပါးရှင် - ဆရာ ဂါမဏိ

အာဏာရူး ဂဠုန်ဦးစောဟာ ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ နိုင်ငံတော်အာဏာကို မတရားတဲ့ နည်းလမ်းနဲ့ ဖြတ်လမ်းက သိမ်းပိုက်ဖို့အတွက် အဲဒီတုံးက ဝန်ကြီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး တွေကို ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်။
ဒီ လုပ်ကြံမှုကြီးဟာ သမိုင်းမှာ တရားရေး နယ်ပယ်မှာ ပြည်ထောင်စုနှင့်ဦးစော အမှုအဖြစ် ရာဇဝင်တွင် သွားခဲ့ ပါတယ်။ ဒါပေမဲ့ ပြည်သူ့ရင်ထဲ အသဲထဲမှာ စွဲထင်တည်ရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လူသာ သေသွားပေမဲ့ ဂုဏ်သတင်း သြဇာရှိန်ဝါ ဘယ်လိုမှ မပျောက်ပျက်ဘဲ ဆက်လက်ရှင်သန်နေခဲ့ပါတယ်။
၁၉၈၃ ခု အောက်တိုဘာ ၉ ရက်နေ့မှာတော့ အာဏာရူး ကင်အီဆွန်းဟာ ကိုးရီးယားကျွန်းဆွယ် တစ်ခုလုံးကို မတရားတဲ့ နည်းလမ်းနဲ့ ဖြတ်လမ်းက သိမ်းပိုက်နိုင်ဖို့အတွက် တောင်ကိုးရီးယားသမတ ချွန်ဒူးဝမ်ကို ရန်ကုန်မြို့မှာ အထူးကွန်မင်ဒို အဖွဲ့လွှတ်ကာ ဗုံးခွဲလုပ်ကြံခဲ့ပါတယ်။ အာဏာရဖို့သာ ခေါင်းထဲရှိတဲ့ မြောက်ကိုးရီးယား အစွန်းရောက်တွေဟာ မြန်မာပြည်သူ့ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝဂရုမစိုက်ဘဲ အာဇာနည်ကုန်း အာဇာနည်ဗိမာန်တည့်တည့်မှာ ဗုံးခွဲခဲ့လို့ တောင်ကိုးရီးယားဝန်ကြီး ၄ ယောက်နဲ့ အရာရှိ ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။

မြန်မာပြည်သူတွေ အတွက် အရေးပါတာကတော့ အာဇာနည်ဗိမာန်ကြီး ပြိုကျပျက်စီးခဲ့ရတာပါဘဲ။ မြောက်ကိုးရီးယားဟာ အခုလို မြန်မာပြည်သူတွေရဲ့ အသဲနှလုံးကို မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့ရုံတင်မက အရှင် လိုက်ဖမ်းတဲ့ ခလရ ၉၀ က ရဲဘော်တွေကို ရန်ကုန်တိုင်း ကော့မှူးမြို့နယ် သခွတ်ပင်ရွာနားမှာ အကြမ်းဖက် ခုခံခဲ့တဲ့ အတွက် လက်နက်မဲ့ ဝင်ဖမ်းကြတဲ့ တပ်သားသန်းထွေး၊ တပ်သားသိန်းနိုင်နဲ့ တပ်သားညွန့်ဟန်တို့ ၃ ယောက် ကျဆုံးခဲ့ရပါတယ်။
(ဒီ ရဲဘော် ၃ ယောက်ကို တပ်မတော်က နောင်မှာ သူရဘွဲ့ ပေးခဲ့ပါတယ်။)
တကယ်တော့ အာဏာရူး နောက်တစ်ယောက်ဖြစ်တဲ့ အဲဒီတုံးက ဗမာပြည်ရဲ့ စစ်အာဏာရှင် ဗိုလ်ချုပ် နေဝင်းက မြောက်ကိုးရီးယားနိုင်ငံကို သွားပလူးခဲ့ရာကနေ မြောက်ကိုးရီးယား အာဏာရူးက ရောင့်တက်ပြီး အိမ်ဦးခန်းမှာ ချီးဝင်ယို သွားတာဖြစ်ပါတယ်။ ဒါဟာ တနည်းအားဖြင့် ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းကို ဒုတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှု ( ပြည်ထောင်စုနှင့် မြောက်ကိုးရီးယား ) ဘဲ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ နဝတ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အခါ လူထုဘက်တော်သား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး တပ်မတော်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာ မှန်သမျှကို တဇွတ်ထိုး လုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်မတော်သမိုင်း တလျှောက်လုံး တပ်မတော်ဖခင်၊ နိုင်ငံ့ဖခင်၊ လွတ်လပ်ရေးဖခင်အဖြစ် သတ်မှတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဖျောက်ဖျက် ဖို့ လုပ်ဆောင်လာရပါတယ်။
ဒါမှသာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တယ်၊ ဒါမှမဟုတ် အနိမ့်ဆုံးအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တပ်မတော်ဖခင်၊ နိုင်ငံ့ဖခင် ဖြစ်တယ် ဆိုတာကို တိုင်းပြည် ကရော တပ်မတော်သားတွေကပါ မေ့ပျောက်သွားစေမှာ ဖြစ်တယ်လို့ ချီးဘရိန်းတွေက စဉ်းစားကြပါတယ်။
၈၈ နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်နဲ့ ဆက်သွားနိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့တဲ့ တပ်မတော်ဟာ လူထုအကျိုးပြု လူထုအစေခံ တပ်မတော်ဖြစ်ဖို့၊ တပ်မတော်ဟာ နိုင်ငံရေးမှာမပါဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရသူတွေကဘဲ တိုင်းပြည်ကို အုပ်ချုပ် ဦးဆောင်ဖို့၊ တိုင်းရင်းသားနယ်မြေတွေရဲ့ ပြည်တွင်းရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးဖို့ စတဲ့ အခြေခံ မူသြဝါဒတွေကိုလည်း ပယ်ဖျောက်ဖို့ စစ်အာဏာရူးတွေအတွက် အထူး အရေးကြီးနေပါတယ်။
အဲသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အဆက်အစပ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် အဆက်အစပ်ကို ဖျောက်ဖျက်နိုင်ရင် အာဏာရူး နဝတ-နအဖ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံနဲ့ တပ်မတော်ကို ထင်သလို စိတ်ကြိုက်ချယ်လှယ် နှိပ်စက် သွေးစုတ်အမြတ်ထုတ် နိုင်ကြတော့မယ်လို့ ထင်နေကြ ပါတယ်။
ဒီလိုနဲ့ အာဇာနည်နေ့ကို မှေးမှိန်ပစ်ခဲ့ပြီး နိုင်ငံတော်အလံ တိုင်ဝက်မထူ၊ ဗိုလ်ချုပ်တို့ကျဆုံးချိန် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြမဆွဲ၊ အာဇာနည်တွေကို အလေးပြုရာမှာလည်း ယဉ်ကျေးမှုဝန်ကြီးလောက် ကိုဘဲ သွားခိုင်းတာမျိုး လုပ်လာခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ ငွေစက္ကူတွေပေါ်မှာ နိုင်ငံ့ဖခင်၊ နိုင်ငံ့ခေါင်းဆောင်ပုံ တွေကို ရိုက်နှိပ်ကြသလို ဗမာပြည်မှာလည်း တလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ခဲ့ရာကနေ ယခုအခါ တိရိ စ္ဆာန်ပုံ အစားထိုး ရိုက်နှိပ်လာပါတယ်။
စာသင်ကျောင်းတွေမှာ ကလေးတွေကို "ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ" လို့ ဆိုခဲ့ရတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကဗျာကိုတောင် မသင်ရတော့ပါဘူး။
အစိုးရရုံးတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို မချိတ်ရတော့ပါဘူး။ တပ်မတော်နေ့တဖြစ်လဲ တော်လှန်ရေးနေ့ စစ်ချီတက်ရာမှာ အောင်ဆန်း စစ်ကြောင်း နာမည်ကို ဖြုတ်ပစ်လိုက်သလို စစ်တက္ကသိုလ်မှာလည်း အောင်ဆန်းတပ်ခွဲ မထားတော့ပါဘူး။
အခုနောက်ဆုံး ကြပ်ပြေးနေပြည်တော်က စစ်ရေးပြကွင်းမှာ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား တို့ရဲ့ ရုပ်တုကြီး ၃ ခုဘဲ ထားရှိပြီး မြန်မာနိုင်ငံကို အင်္ဂလိပ်ကိုလိုနီဘဝနဲ့ ဂျပန်ဖက်ဆစ် ကျွန်ဘဝက လွတ်မြောက်အောင် စွမ်းစွမ်းတမံ ရှေ့ဆောင်လုံးပန်းခဲ့တဲ့၊ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုတော့ အထိမ်းအမှတ် ရုပ်တု လုံးဝလုပ်မထားတော့ပါဘူး။
ဒါတင်မကဘဲ ဗိုလ်ချုပ် အောင်ဆန်းကို ဒုတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှု ကျူးလွန်ခဲ့တဲ့ မြောက်ကိုးရီးယား အာဏာရူး တွေကို ယခုအခါ နအဖ စစ်ခေါင်းဆောင်တွေက လည်ပင်းဖက်ကာ တပည့်ခံ ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက် လုပ်နေကြပါတယ်။ စစ်ရူးနှစ်ဖွဲ့ပေါင်းပြီး မြန်မာပြည်သူတွေတင်မက အာရှပြည်သူ တွေကိုပါ အသားလွတ် သေတွင်းပို့ဖို့ မရဏ ယန္တရားတွေကိုလည်း တပ်ဆင်နေကြပါတယ်။
၈၈ ခုနောက်ပိုင်းမှာ အခုလို လုပ်ဆောင်ချက်တွေဟာ တကယ့်တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် စစ်အာဏာရူးတွေရဲ့ တတိယအကြိမ်မြောက် နိုင်ငံတော်လုပ်ကြံမှုကြီးဘဲ ဖြစ်ပါတယ်။
၁၉၄၇ ခု ပထမအကြိမ် နိုင်ငံတော် လုပ်ကြံမှုတုံးက တရားခံဦးစောကို ကြိုးစင်တင်နိုင်ခဲ့သလို အခု တတိယအကြိမ် နိုင်ငံတော်လုပ်ကြံမှုရဲ့ တရားခံ၊ ဒုတိယအကြိမ် နိုင်ငံတော် လုပ်ကြံမှုမှာလည်း ကြံရာပါ ဖြစ်နေတဲ့ မောင်သန်းရွှေကိုလည်း ပြည်ထောင်စုက အမှုဖွင့် တရားရုံးတင်ပြီး ထိုက်တန်တဲ့ စီရင်ချက် ချရမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဗိုလ်ချုပ်လမ်းစဉ် ဗိုလ်ချုပ်မူဝါဒ ကိုင်စွဲထားတဲ့ ပြည်ထောင်စုသားတွေက လုပ်ကြံသူ စစ်အာဏာရူး ဗိုလ်သန်းရွှေနဲ့ အမှုရင်ဆိုင်ပြီး ပြစ်ဒဏ်စီရင်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။



Posted by Thaw Thi Kho

No comments: