Saturday, March 19, 2011

ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ နောက်ဆုံးရသတင်း

ဖူကူရှီးမား နျူကလီးယား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ နောက်ဆုံးရသတင်း

ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြား ပက်ဖျန်းမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှု ပမာဏကို တိုင်းတာကြည့်တဲ့အခါ သိသိသာသာ ကျဆင်းသွားတာမျိုး မရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်း သွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖို အနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့ အခြေအနေကနေ အင်အား ကောင်းတဲ့ မီးသတ်ပိုက်တွေ လက်လှမ်းမီတဲ့ နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ် ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံ ရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။

ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်း လက်ငင်း ထိခိုက် ရလောက်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။ ဂျပန် ဆရာဝန် တဦးကတော့ အနုမြူ ဓာတ်ရောင်ခြည် သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်း ဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှ ကင်ဆာလို ရောဂါမျိုးတွေနဲ့ ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

ဒီအတောအတွင်း ဂျပန်အစိုးရ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို စားကုန်သောက်ကုန်အားလုံးကို ဓာတ် ရောင်ခြည်သင့်မသင့်ဆိုတာကို စစ်ဆေးမှုလုပ်ကြရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ ဒီလိုမျိုးအမိန့်ထုတ် တယ်ဆိုတာဟာ ပထမဦးဆုံးအကြိမ်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ဖူကူရှီးမားခရိုင်မှာ လူ တသောင်းလောက်ကို ရောင်ခြည်သင့်မသင့်ဆိုတာ စစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ သိရပါတယ်။

ဒီကနေ့မှာ ဓာတ်ပေါင်းဖိုတွေကို မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာရတဲ့ပုံရှိပါတယ်။ ဒါပေမဲ့လည်း တချို့သော ကွန်ဗီးနီးယင့်စ်စတိုးတွေမှာ စားစရာတွေထားတဲ့ စင်တွေ ပြောင်သလင်းခါဖြစ်နေတာတွေက တချို့လူတွေ ရဲ့စိတ်ထဲမှာ လာမယ့်ရက်တွေမှာ ဘာတွေဖြစ်မလဲဆိုတာ မှန်းဆလို့မရနိုင်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေ တယ်ဆိုတာကိုလည်း တွက်ဆလို့ရပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေဟာလည်း တခြားသတင်းတွေနဲ့ အစီအစဉ်တွေကို အနည်းငယ် ပိုပြီး ထုတ်လွှင့်လာတာကိုတွေ့ရသလို၊ လမ်းသွားလမ်းလာတွေလည်း အရင်နေ့တွေကထက်စာရင်ပိုများပြား လာတာကို သတိထားမိပါတယ်။

ဂျပန်လူမျိုးတွေရဲ့ အသည်းစွဲ ဘေ့စ်ဘော ကစားပွဲတွေ မတ်လ ၂၅ ရက်မှာ ပြန်စဖို့အစီအစဉ်ကို လွန်ခဲ့တဲ့ ရက်တွေက ရွှေ့ဆိုင်းမယ်ဆိုပြီးပြောဆိုဆွေးနွေးခဲ့ပေမဲ့ ဒီကနေ့ညနေမှာ မူလ အစီအစဉ်အတိုင်း ပြန်စမယ် လို့ ပြောပါတယ်။ ကစားသမား တချို့ကတော့ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် တိုကျို ဆင်ခြေဖုံးနဲ့ ကန်တို ဧရိယာ လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီး အလှည့်ကျ ဖြတ်တောက် တာတွေရှိပေမဲ့ တချို့နေရာတွေ မပြတ်ပဲရှိတာ၊ ရထား ပြေးဆွဲမှုတွေ တိုးတက် ကောင်းမွန် လာတာတွေက အခြေအနေတွေ နည်းနည်းချင်း အကောင်းဘက်ကို ပြလာတဲ့သဘော ဖြစ်ပါတယ်။

မတ်လ ၁၉ ရက် စနေနေ့ မနက် ၀ နာရီ ၃၀ မိနစ် (၁၈ရက် ညသန်းခေါင်ကျော်) အဲန်အိပ်ခ်ျကေ သတင်းမှာ တိုကျို မီးသတ်တပ်ဖွဲ့ဟာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၀ နာရီ ၃၀ မိနစ်မှာ ရေပက်ဖျန်း တာတွေကို လုပ်မယ်လို့ ကြေညာသွားပါတယ်။

No comments: