Saturday, March 19, 2011

- -မြန်မာနိုင်ငံအတွင်း၌ ငလျင်ကြီး လှုပ်နိုင်

- -မြန်မာနိုင်ငံအတွင်း၌ ငလျင်ကြီး လှုပ်နိုင်

အခုရက်ပိုင်းလေးအတွင်း မြန်မာသတင်းစာ တစ်စောင်၌ ပဲခူးမြို့နားတစ်ဝိုက် ငလျင်ကြီးလှုပ်နိုင်ကြောင်း ရေးသားဖေါ်ပြလာသဖြင့် ထိုကဲ့သို့ ရေးသားဖေါ်ပြချက်ကို ကြိုဆိုလိုက်ပါသည်။

မြန်မာနိုင်ငံ ငလျင်ကော်မတီ စတင်ဖွဲ့စည်းခဲ့စဉ် ကတည်းက ငလျင်အန္တရာယ် ကျရောက်နိုင်ကြောင်းကို အစိုးရအဖွဲ့သို့ အကြိမ်များစွာ တင်ပြခဲ့ဖူးသည်ဟု ကော်မတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဘူးသူ ဥိးတင့်လွင်ဆွေက ပြောသည်။

အခါအားလျော်စွာ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတင်းဂျာနယ်များ၌ တွေ့ဆုံ ဖြေကြားခြင်းများကို ပညာရှင်များ၊ ကော်မတီ တာဝန်ရှိသူ၊ ပြောရေးဆိုခွင့် ရှိသူများက အခါအားလျော်စွာ ဆောင်ရွက် ပြောဆိုခဲ့ကြသည်။ ၂၀၀၈ နောက်ပိုင်းတွင် ပဲခူး အပါအဝင် နယ်မြို့များသို့လည်း လူထု ပညာပေး ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြသည်။ သို့သော် အစိုးရပိုင်သတင်းစာက ဥိးစားပေး သတင်းဆောင်းပါး ရေးသားဖေါ်ပြခြင်းသည် သည်တစ်ချိန် ပထမဆုံး ဖြစ်သည်။

တကယ်တော့ ငလျင်လှုပ်နိုင်သည်မှာ ပဲခူးဒေသတစ်ခုတည်းတော့ မဟုတ်ပါ။

မြန်မာနိုင်ငံ ဒေသအတော် များများ၌ ဖြစ်နိုင်သည်။ လွန်ခဲ့သည့်လကပင် ဟုမ္မလင်းမြို့နား၌ အင်းအားကြီးငလျင်တစ်ခု လှုပ်သွားသဖြင့် လမ်းတံတားများ ပျက်စီးခဲ့သည်။ ယခု သတင်းစာက ဆိုခဲ့သည့် ပဲခူးနားက ငလျင်ကြီးဆိုသည်မှာ လွန်ခဲ့သည့် နှစ်များအတွင်း ပြည်တွင်း ဂျာနယ်များ၌ မကြာခန ဖေါ်ပြခဲ့ကြဘူးသည်။ ပမာဏ ၆ နှင့် ၇ အကြား ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်နိုင်ကြောင်းကို ဥိးတင့်လွင်ဆွေက သူ၏ ဘလော့စာမျက်နှာ၌လည်း ရေးထားသည်။

http://tintlwinswe.blogspot.com/2009/10/blog-post.html

လွန်ခဲ့သည့် အပတ်က ဂျပန်နိုင်ငံ၌ ဖြစ်ခဲ့သည့် ငလျင်ကြီးနှင့် ဆူနာမီ၊ နောက်ဆက်တွဲ ညူစက်ရုံ ပေါက်ကွဲမှုများနှင့် ချိန်ကိုက် ဖေါ်ပြလိုက်သဖြင့် လူအများ သိရှိ စိတ်ဝင်စားနိုင်သည်။

ဂျပန်သည် ငလျင်ဘေး ကြိုတင်စီမံခန့်ခွဲမှုတွင် ရှေ့တန်းက ရှိသောနိုင်ငံဖြစ်ပြီး အစိုးရ၏ နိုင်ငံတော်ငွေမှ အကုန်ကျခံကာ သုတေသန များလုပ်ခြင်း၊ ဘေးအန္တရာယ် လျော့ကျရေး ဆောင်ရွက်ခြင်းများကို အထပ်အထပ် ဂရုပြုထားသော နိုင်ငံဖြစ်သည်။

ထိုသို့သောနိုင်ငံပင် တကယ်တန်း ငလျင်ကြီးကြုံသောအခါ မလွယ်ကူကြောင်းကို မျက်မြင်ပင် ထင်းရှားပေသည်။

မြန်မာနိုင်ငံ၌ အစိုးရထောက်ပံ့ပြီး ငလျင်ပညာရပ် ပြန့်ပွါးရေး၊ ငလျင်ဘေးလျော့ကျရေး အစီအမံများ ရှိခဲ့သည်ဟု မသိရချေ။ လူအများ သိသော မြန်မာနိုင်ငံ ငလျင်ကော်မတီဆိုသည်မှာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအောက်မှ လုပ်ငန်းကော်မတီသာ ဖြစ်ပြီး အင်ဂျင်နီယာများ၊ ဘူမိဗေဒပညာရှင်များ၊ တက္ကသိုလ်များမှ ပါမောက္ခ၊ ကထိကများ၊ တစ်သီးပုဂ္ဂလ ပညာရှင်များနှင့် ဖွဲ့စည်း လှုပ်ရှားကြသော အဖွဲ့ဖြစ်သည်။

အသင်းထောက်ပံ့ငွေ၊ အလှူငွေများနှင့် သာ လုပ်ရသော အဖွဲ့ဖြစ်၍ ခရီးမတွင်ပါချေ။ အစိုးရအဖွဲ့က လုပ်ရမည့်အလုပ်များကို ထိုအဖွဲ့က မလုပ်နိုင်ပါ။ တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့် သင်ရိုးများတွင် ငလျင်နှင့် ဘေးအန္တရာယ်အကြောင်းကို ထည့်သွင်းနိုင်ရန် ပညာရေး ဝန်ကြီးဌာနကို စည်းရုံးထားကြောင်း သိရသည်။

ငလျင်သတင်းများကို အစိုးရဌာနတစ်ခုဖြစ်သော မိုး/ဇလ က ထုတ်ပြန်သည်။သို့သော် မိုးဇလတွင် ခေတ်မီ ယန္တယား မရှိကြောင်းသိရသည်။

ငလျင်ဖြစ်ခဲ့လျှင် ငလျင်လှုပ်ရာ နေရာကိုတောင် ၂၁ ရာစုရောက်တဲ့အချိန်မှာ တိတိကျကျ မဖေါ်နိုင်ကြောင်း သိရသည်။ အနိမ့်ဆုံးအဆင့် ထို ယန္တယားတောင်မရှိသော မြန်မာပြည်အဖို့ မနက်ဖြန် သဘက်ခါ ရောက်မည့် ငလျင်ကြီးနှင့် အဖျက်စွမ်းအားကို ဘယ်လိုများ ရင်ဆိုင်ကြရပါ့။

( Geolfriends Myanmar ... ဖေ့ဘုတ်မှ ကူးယူပေးပို့ပါသည်။ )

No comments: