Saturday, April 2, 2011

ဓမ္မဆရာ ပြန်ပေးဆွဲမှု ALP နှင့် ပတ်သက်မူ မရှိကြောင်း

ဓမ္မဆရာ ပြန်ပေးဆွဲမှု ALP နှင့် ပတ်သက်မူ မရှိကြောင်း ကျေညာချက်ထုတ်


ပြန်ပေးဆွဲစရာရှားလို့ ဘုန်းကြီးမှ ပြန်ပေးဆွဲရတယ်လို့ကွာ။

မောင်ရမ္မာ
------------
အိန္ဒိယ- မြန်မာနယ်စပ် ပလက်ဝမြို့နယ် ဒုချောင်းဝ ကျေးရွာမှ အင်္ဂလီကန် အသင်း ခရစ်ယန်ဓမ္မဆရာ ဦးအောင်လောအား ရခိုင် လက်နက်ကိုင် အဖွဲ့တခုမှ ပြန်ပေး ဆွဲသွားကြောင်း Khonumthung ခိုနူမ်းထုန် သတင်းဌာန သတင်းဌာနမှ မတ်လ ၂၄ ရက်နေ့ နေ့စွဲဖြင့် ရေးသားဖေါ်ပြသော သတင်း အပေါ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ကျေညာချက် တစောင်ထုတ်ပြန်ပြီး အဆိုပါ ဖြစ်ရပ်မှာ ၎င်းတို့နှင့် တစုံတရာ ပတ်သက်မူ မရှိကြောင်း ငြင်းဆိုလိုက်သည်။

အဆိုပါ သတင်းမှာ အခြေအမြစ်မရှိသော ရေးသားချက် ဖြစ်သည်ဟု ALP တွဲဘက်အတွင်းရေးမှူး (၂) ခိုင်သုခက ယခုကဲ့သို့ ပြောသည်။

“ သူတို့သတင်းမှာ ဖေါ်ပြထားတဲ့ ရွာလူကြီးကို ပြန်ပေးဆွဲတာလို့ ငွေတောင်းတာတွေဟာ ကျွန်တော်တို့ စုံစမ်းရသလောက် တခုလဲ မတွေ့ပါ။ သူတို့ ဒေသခံအချင်းချင်း ဖြစ်တာလား၊ ဘယ်သူတွေနဲ့ ဖြစ်သလဲဆိုတာ မသိရသေးဘူး။ သူတို့ ပြောသလို ကျွန်တော်တို့ ALP အနေနဲ့ တခါလည်း မလုပ်ဖူးဘူး။ သူတို့က ALP ဖြစ်နိုင်သလိုလို ရေးထားတာတွေဟာ အခြေအမြစ်မရှိဘူး”ဟု ပြောသည်။

ခိုနှုမ်းထုန်သတင်းတွင် ဖေါ်ပြလာသည့် အတွက်ကြောင့် ALP အနေဖြင့် အများပြည်သူများ အမြင်ရှင်းအောင် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သူက ယခုကဲ့သို့ ဆက်ပြောသည်။



“ သူတို့ သတင်းဌာနက ရေးသားထားရာမှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဆိုပြီး ပါရှိတဲ့အတွက် အဲဒီနေရာမှာ လှုပ်ရှားနေတာက ALP တခုဘဲ ရှိတာကြောင့် အများပြည်သူတွေ အမြင်ရှင်းအောင် ရည်ရွယ်ချက်နဲ့ ခုလို ကျေညာချက် ထုတ်ပြန်ရတာဖြစ်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ သတင်းထဲမှာ ALP ကို ရေးထားတာဖြစ်တဲ့ အတွက် ALP နဲ့ မပတ်သက်တဲ့အကြောင်း၊ လုပ်ဆောင်ချက် မရှိတဲ့အကြောင်းကို အများသိစေချင်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။”

ရွာလူကြီးကို ဖမ်းဆီးပြီး ငွေကြေးတောင်းခြင်းမှာ နအဖ စစ်တပ်ကလည်း ဖြစ်နိုင်ကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“ အဲဒီ ရွာလူကြီးကို ဖမ်းတာဟာ လက်နက်ကိုင် ၆ ယောက်ပါတဲ့ အဖွဲ့က ဖမ်းတယ်။ ခေါင်းဆောင်က ဗိုလ်ကြီး အဆင့်ရှိတဲ့ စိုင်းမင်းစိုး ဖြစ်တယ်ဆိုပီးရေးတယ်။ ဒီလိုဆိုတော့ နအဖ စစ်တပ်ကလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လဲဆိုတော့ နအဖ စစ်တပ် တပ်စိပ်တစိပ်မှာ လူ ၆ ယောက်ဘဲ ပါတယ်။ အဲဒီ တပ်စိပ်တွေက ဖမ်းပြီးတော့ ALP နဲ့ ပြည်သူတွေအကြားမှာ သံသယတွေဖြစ်လာအောင်၊ အမြင်မရှင်း ဖြစ်လာအောင် လုပ်ကြံပြီးတော့ ဖမ်းတာလည်း ဖြစ်နိုင်တယ်။ နောက်တခုက နအဖ စစ်တပ်က ကျွန်တော်တို့ တပ်တွေကို လိုက်လံချေမှုန်းလို့ မရတဲ့အခါမှာ ဗမာစစ်တပ်က ပြည်သူတွေ ကျွန်တော်တို့ကို အမြင်မရှင်း ဖြစ်လာအောင် လုပ်ကြံတဲ့သဘော ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။”

ယခုကဲ့သို့ ရေးသားဖြန့်ဝေခြင်းနှင့် ပတ်သက်ပြီး ALP ပါတီကို တစုံတရာ မေးမြန်းခြင်းမရှိဘဲ ရေးသားခြင်းသာ ဖြစ်သည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“ သူတို့ရေးထားတဲ့ သတင်းမှာ ALP လုပ်သလိုလို ရေးသားထားတာကတော့ အခြေအမြစ်မရှိပါဘူး။ သူတို့ ရေးသားချင်တယ်ဆိုရင် သူတို့အနေနဲ့ ALP ကို လှမ်းပြီးတော့ မေးရမယ်။ သူတို့လက်ထဲမှာ အထောက်အထားတွေ စုံရမယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကောလဟလ သတင်းအပေါ်မှာ အခြေခံပြီးတော့ ရေးတယ်ဆိုရင်တော့ သူတို့ သတင်းဌာနရဲ့ ဂုဏ်သိက္ခာသာဖြစ်ပါတယ်။”

ချင်း အမျိုးသား သတင်းဌာန ခိုနူမ်းထုန်မှ “ ရခိုင် လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ တဦးအား ပြန်ပေးဆွဲ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အနောက်ဖက် အိန္ဒိယ – မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တစုက ခရစ်ယာန် ဓမ္မဆရာ ဦးအောင်လောအား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က ပြန်ပေးဆွဲပြီး ကျပ်ငွေ သိန်း ၄၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း မတ်လ ၂၄ ရက်နေ့က သတင်း ဖေါ်ပြခဲ့သည်။

No comments: