Friday, May 27, 2011

အရင်းရှင် နှစ်နိုင်ငံ သိပ်ချစ်ကြောင်းပြတဲ့ အိုဘားမားရဲ့ ခရီးစဉ် (ဓာတ်ပုံ)

Thursday, 26 May 2011 02:41 မောက္ခ နိုင်ငံတကာသတင်း

မိတ်ဆွေကောင်းနှင့် လောကခရီး အတူ သွားရဖို့ လိုအပ်ကြောင်း ဘားရခ် အိုဘားမား သိသည်။ အမေရိကန်အတွက် မိတ်ဆွေစစ်က ဗြိတိန် ဖြစ်သည်။ အမေရိကန် သမ္မတ ဘာလုပ်လုပ် နောက်က အမြဲ ထောက်ခံပေးနေမည်။

အခု အိုဘားမားရဲ့ လန်ဒန် နှစ်ရက် ခရီးက နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲနေမှုကို ဖော်ပြသည်။ ထူးခြားတဲ့ ဖြစ်ရပ်တွေ မရှိဘူး ဆိုရင်တောင်မှ ဓာတ်ပုံတွေကို ကြည့်ရင် အရင်းရှင် နိုင်ငံကြီး နှစ်နိုင်ငံ သိပ်ချစ် သိပ်အလွမ်းသင့် နေကြတာကို ဖော်ပြသည်။

အထက်ပုံတွင် မေ ၂၄ ရက်နေ့ ဘခ်ကင်ဟမ် နန်းတော် ဥယာဉ်ကြီးအတွင်း အိုဘားမားကို ဂုဏ်ပြုတပ်ဖွဲဖြင့် ခမ်းခမ်းနားနား ကြိုဆိုနေခြင်း ဖြစ်သည်။

ဘုရင်မကြီး အဲလိဇဘက်သ် နှင့် ကြင်ယာတော် ဖိလစ် မင်းသားကြီးတို့က အိုဘားမားတို့ ဇနီးမောင်နှံ ခေတ္တတည်းမည့် ဘခ်ကင်ဟမ် နန်းတော်တွင် ကြိုဆိုနေကြစဉ်။

ဘားရခ်နှင့် မစ်ရှေးလ် အိုဘားမားတို့ မေ ၂၄ ရက်နေ့က မင်းသား ၀ီလျံနှင့် ဇနီး ကက်သရင်း တို့ကို နန်းတော်ထဲတွင် တွေ့ဆုံကြစဉ်။

အိုးဘားမားတို့ နှစ်ဦးကို မေ ၂၃ ရက်နေ့က ဘုရင်မကြီးနှင့် ကြင်ယာတော်က နန်းတော်တွင်းရှိ portrait Gallery ကို လိုက်လံပြသစဉ်။

မေ ၂၄ ရက်နေ့က ၀က်စ်မင်စတာ ဘုရားကျောင်းအတွင်းရှိ အမည်မသိ စစ်သားရဲ့ အုပ်ဂူကို အိုဘားမား လွမ်းသူပန်းခွေ ချနေစဉ်။

ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်း ဧည့်မှတ်တမ်းစာအုပ်တွင် အိုဘားမား က ခုနှစ် မှားယွင်းစွာ လက်မှတ် ရေးထိုးထားခဲ့သည်။ ဘာကြောင့်မှန်း မသိ။ စာမှာ “ကျွန်ုပ်တို့ရဲ့ တူညီတဲ့ အမွေအနှစ်၊ တူညီတဲ့ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုဖို့ ကြီးမားတဲ့ အထူးအခွင့်အရေး ရရှိမှုပါပဲ” ဟု ရေးထားသည်။

ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဇနီးက အိုဘားမား စုံတွဲကို အမှတ် (၁၀) ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် ရုံးနှင့် နေအိမ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။

အိုဘားမားနှင့် ကင်မရွန်း က ဘတ်ဂျက် ခြိုးခြံလျော့ပေါ့ရေး မူဝါဒနှင့် လစ်ဗျား ကိစ္စတို့အပေါ်တွင် သဘောကွဲလွဲမှုများ ရှိခဲ့သည်။ သို့သော် လန်ဒန်ရှိ Globe Academy မူလတန်းကျောင်းရှိ စားပွဲတင် တင်းနစ်ခုံပေါ်တွင် နှစ်ဦး အတူကစားရင် အူတက်နေခဲ့ကြသည်။

အိုဘားမားနှင့် ကင်မရွန်း Globe Academy ကျောင်း သိပ္ပံအတန်းတွင်း ၀င်ကြည့်နေကြစဉ်။ ယနေ့ခေတ် နိုင်ငံခေါင်းဆောင်တိုင်း စာသင်ခန်းတွေထဲ ၀င်ကြည့်ကြလေ့ ရှိသည်။

ဘုရင်မကြီး တည်ခင်းတဲ့ နန်းတော်တွင်း နိုင်ငံတော် ညစာစားပွဲ မစခင် ဓာတ်ပုံ ရိုက်ထားစဉ်။

အိုဘားမား ကို ညစာစားပွဲရဲ့ အထူးဧည့်သည်ဖြစ်ကြောင်း ပြသသည့်အနေဖြင့် ဘုရင်မကြီး နံဘေး ထိုင်ခုံတွင် နေရာချထားပေးခြင်းက ထင်ရှားစေသည်။ ဘုရင်မကြီးဘေး ထိုင်ခွင့်ရလို့ အိုဘားမား မြူးနေသည်။

မေ ၂၄ ရက် ညစာစားပွဲတွင် အိုဘားမားက ဘုရင်မကြီးကို အရိုအသေပေးစဉ် ဧည့်သည်အားလုံး ထရပ်ခဲ့သည်။ ‘God Save the Queen’ သီးချင်း တီးဝိုင်းမှ စတီးစဉ် အိုဘားမားမှ မှားယွင်းပြီး အမျှင်မပြတ် စကားပြောနေခဲ့မိသည်။

ခရီးစဉ် ဒုတိယနေ့တွင် အိုဘားမား စုံတွဲက ကင်မရွန်း လင်မယားနှင့်အတူ ဗြိတိသျှ စစ်တပ် မိသားစုများကို ဂုဏ်ပြုပွဲ လုပ်ပေးခဲ့သည်။ ပုံတွင် ဇနီးနှစ်ဦး စစ်သားများကို စားစရာများ ကျွေးမွေး နေကြစဉ်။

ဒေးဗစ်ကင်မရွန်းနှင့် အိုဘားမား မေ ၂၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သည်။ နေတိုး တပ်များရဲ့ လစ်ဗျားစစ်ဆင်ရေးကို ထောက်ခံခဲ့ကြပြီး၊ ကဒါဖီကို အာဏာမှ ဖြုတ်ပစ်မည်ဖြစ်ကြောင်း ဆုံးဖြတ် ပြောဆိုခဲ့သည်။

ခင်ပွန်းနှင့်အပြိုင် မစ်ရှေးလ် အိုဘားမားကလည်း အော့စ်ဖဒ် တက္ကသိုလ် Christ Church တွင် ပညာရေးအကြောင်း မိန့်ခွန်းပေးပြီး ခေသူ မဟုတ်ကြောင်း ပြသခဲ့သည်။

အိုဘားမား က ၀က်စ်မင်စတာ ခန်းမရှိ လွှတ်တော်နှစ်ခုစလုံးကို မိန့်ခွန်းပြောကြားတဲ့ စတုတ္ထမြောက် နိုင်ငံရပ်ခြား ခေါင်းဆောင် ဖြစ်သွားခဲ့သည်။ သူ့အရင် သုံးဦးမှာ ပြင်သစ်သမ္မတ ချားလ်စ် ဒီ ဂေါလ်၊ နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရဟန်းမင်း ဘန်နက်ဒစ် (၁၆) တို့ ဖြစ်သည်။

၂၆ ရက်နေ့တွင် အိုဘားမား ဗြိတိန်မှ ထွက်ခွါပြီး၊ ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် G8 ထိပ်သီး အစည်းအဝေးကို ဦးတည်သွားခဲ့သည်။

မောက္ခ နိုင်ငံတကာသတင်း

No comments: