Monday, August 8, 2011

ကြံ့ဖွံ့ကိုယ်စားလှယ် အဖြစ် ရွှေးကောက်ပွဲဝင်ခဲ့သူ ရခိုင်စာရေးဆရာ ထုတ်ဝေ စာအုပ် လူများ ၀ယ်မဖတ်

မောက်ကောက်စံ (ပြည်ရခိုင်) ခေါ် ကျွန်းသား ငမန်း ထုတ်ဝေသော စာအုပ်ကို ရခိုင်ပြည်သူများ ၀ယ်မဖတ်ဘဲ ပစ်ပယ်ထားသဖြင့် သူထုတ်ဝေသော စာအုပ်မှာ မရောင်းရဆုံး စာအုပ် စာရင်းဝင် နေကြောင်း သတင်း ရရှိသည်။


map_of_arakan
ဦးမောင်ကောက်စံ ( ပြည်ရခိုင်)သည် လွန်ခဲ့သောလက “ ယနေ့ရခိုင် ပြည်နယ် လူမှုစီးပွား ပထဝီ” စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။

အမည်မဖေါ်လိုသူ ရန်ကုန် ရခိုင်စာဖတ် ပရိသတ် တစ်ဦးက အဆိုပါ မောင်ကောက်စံ (ပြည်ရခိုင်) ရေးသားထားသော စာအုပ်နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ဝေဖန်ပြောကြားသည်။

“ သူစာအုပ်က ရခိုင်ပြည်နယ် လူမူရေး စီးပွားရေးနဲ့ ပတ်သက်ပြီး ရေးသားထားတာ မှန်ပေမယ့် မဆလ ခေတ်က ထုတ်ထားတဲ့ အစိုးရထုတ် စာအုပ်နဲ့ တူနေတယ်ဗျာ။ ရေးထားတာလည်း ဒီအတိုင်းပါဘဲ။ ပီးရင် ပိုဆိုးတာက သူက ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြုပြီး ရွှေးကောက်ပွဲ ၀င်ခဲ့တဲ့ သူဆိုတော့ သူ့ကို အော့နှလုံးနာပြီး လူတွေက သူ့စာအုပ်ကို လုံးဝကို ၀ယ်မဖတ်ကြတာပါ” ဟု ပြောသည်။

ရခိုင်ထုတ်စာ အုပ်များကို ရခိုင် အမျိုးသားများ အနေဖြင့် စာကြည့်တိုက်နှင့် ကိုယ်ပိုင် သိမ်းဆည်းထားရန် ၀ယ်ယူ စုဆောင်းမူများ ရှိသော်လည်း မောင်ကောက်စံ၏ စာအုပ်ကို မည်သူမျှ မ၀ယ်ယူကြကြောင်း သိရသည်။

စစ်တွေမှ လူငယ် တစ်ဦးကလည်း အဆိုပါ စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောသည်။

“ စာအုပ်ထွက်တယ်လို့ ကြားပါတယ်။ ဒါပေမယ့် လူတွေက စိတ်ဝင်တစားနဲ့ မရှိကြဘူး။ ရခိုင်နဲ့ ပတ်သက်ပြီး ထွက်တဲ့ စာအုပ်က နည်းတဲ့ အတွက် စာအုပ် တစ်အုပ် ထွက်လာရင်လူတွေက အမျိုးသားရေး အသိနဲ့ အားပေးကြပါတယ်။ သူ့စာအုပ်ကိုတော့ ဘယ်သူမှ အားမပေးဘူး။ စာအုပ်ဆိုင်တွေမှာ တင်တာလည်း မတွေ့ရပါ” ဟု ပြောသည်။

စာရေးဆရာ မောင်ကောက်စံ(ပြည်ရခိုင်) ရေးသားပြုစုသည့် “ ယနေ့ရခိုင် ပြည်နယ် လူမှုစီးပွားပထဝီ” စာအုပ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်ခုချင်းစီ၏ တည်နေရာ၊ ပြည်နယ်၏ တည်နေရာ အကျယ်အဝန်း၊ လူဦးရေ၊ လူနေ အစိပ်အကျဲ၊ စီးပွားရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး၊ ရာသီဥတု၊ ရေမြေသဘာဝ၊ ထွက်ရှိသည့်ကုန်ပစ္စည်းများ၊ သီးနှံများအကြောင်းနှင့် ရခိုင်ပြည်နယ်၏ အလံ၊ ရခိုင်ပြည်နယ်၏ တံဆိပ်၊ ရခိုင်အမျိုးသားဝတ်စုံ စသည်များ အကြောင်းကိုလည်း ပြည့်စုံစွာ ဖော်ပြထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များဖြစ်ပေါ် တည်ရှိလာပုံ သမိုင်းအကျဉ်းနှင့်တကွ ရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံများ၊ နန်းတော်ရာ ကုန်းများ၊ မြို့တံတိုင်းနှင့် ကျုံး များအကြောင်းကိုလည်း စေ့စေ့စပ်စပ် ပြုစုရေးသားထားဟု သိရသည်။

၎င်းပြင် သူ့၏ စာအုပ်တွင် ရခိုင်ပြည်နယ်၏ လူမှုရေး စီးပွားရေး ပထဝီဝင် အနေအထားသာမက ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် အတွင်းနေထိုင်သော လူမျိုးများအကြောင်းကိုလည်း ရေးသားထားသည်ဟု သိရသည်။

မောင်ကောက်စံ (ပြည်ရခိုင်) ခေါ် ကျွန်းသား ငမန်းသည် ဦးကောင်းစံရွီ နာမည်ဖြင့် စစ်တွေ မြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ သူ၏ ပြိုင်ဘက် ဦးမောင်ညိုကို ရှုံးနိမ်ခဲ့သည်။

No comments: