Monday, October 3, 2011

မယ်လဒုက္ခသည် ၁၈ဦး ဂျပန်နိုင်ငံ၊ တိုကျိုသို့ ယနေ့ရောက်ရှိ

Submitted by on Thursday, 29 September 2011--
မယ်လဒုက္ခသည် ၁၈ဦး ဂျပန်နိုင်ငံ၊ တိုကျိုသို့ ယနေ့ရောက်ရှိ
စက်တင်ဘာလ ၂၉ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် ၁၈ဦးသည် ယနေ့ညနေပိုင်းအချိန်တွင် ဂျပန်နိုင်ငံ၊ တိုကျို မြို့သို့ ဒုတိယအသုတ်အဖြစ် လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်ဟု သိရသည်။
မယ်လဒုက္ခသည်စခန်းတွင် မိသားစု ၆စုမှ လူဦးရေပေါင်း ၂၆ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဟု သတ်မှတ်ထားသော်လည်း လောလောဆယ် မိသားစု ၄စုသာ ထိုင်းနိုင်ငံမှ ထွက်ခွာကာ ဂျပန်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဂျပန်အစိုးရ၊ UNHCR နှင့် တိုကျိုရှိ ဂျပန်သတင်းဌာနများမှ သွားရောက်ကြိုဆိုခဲ့ကြကြောင်း တိုကျိုမြို့ရောက် ကရင်တစ်ဦးက ပြော သည်။
“အခုရောက်လာတဲ့သူတွေကို ဂျပန်အစိုးရက ဒုက္ခသည်တွေကို ကူညီဖို့ တာဝန်ပေးထားတဲ့ RHQ-Refugee Headquarter နဲ့ UNHCR၊ နောက် တိုကျိုက ဂျပန်မီဒီယာတွေလည်း သွားကြိုကြမယ်လေ။ ရောက်မဲ့အချိန်က ညနေ ၆နာရီလောက်ဆို ပေမဲ့ Immigration တို့ဘာတို့ စစ်ဆေးတာ ဖြတ်ရအုံးမှာနဲ့ဆိုတော့ ညပိုင်းလောက်ကျမှ လေဆိပ်ကနေ ထွက်လာလို့ရမှာ ပါ။”ဟု သူက ဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာဒုက္ခသည်များကို ပထမဦးဆုံး ခေါ်ယူသည့် အာရှနိုင်ငံတခုဖြစ်သော်လည်း ဒုက္ခသည်များမှာ အ သက် ၄၀နှစ်အောက်နှင့် မိသားစုရှိသူများသာဖြစ်ရပြီး ယင်းအစီအစဉ်ကို ၂၀၁၀ခုနှစ်မှစ၍ ၃နှစ်စီမံကိန်းဖြင့် တနှစ်လျှင် ဒုက္ခသည် ၃၀ဦးစီ ခေါ်ယူသွားခြင်း ဖြစ်သည်။
ဒုတိယအသုတ် ထွက်သွားသူထဲမှ ဒုက္ခသည်တစ်ဦးက မိမိအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်နေထိုင်ခြင်းအားဖြင့် သား သမီးများ အဆင့်မြင့်ပညာရေး သင်ကြားနိုင်သလို ဆုံးခန်းတိုင်သည့် ပညာရေးအာမခံချက်လည်း ရရှိမည်ဟု မျှော်လင့် ကြောင်း တိုကျိုအခြေစိုက် NHK ရုပ်သံသတင်းဌာနကို နယ်စပ်မှ မထွက်ခွာခင်က ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၈ရက်နေ့ကလည်း မယ်လဒုက္ခသည် ၂၇ဦး ဂျပန်နိုင်ငံသို့ စတင် ရောက်ရှိခဲ့ကြပြီး လက်ရှိ အချိန်တွင် ၎င်းတို့မှာ ချီဘားကန်နှင့် မီယဲကန်ဒေသများရှိ မှိုစိုက်ခင်းနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အလုပ်လုပ် ကိုင် နေထိုင်လျှက်ရှိသည်ဟု သိရသည်။
KNL (Karen National League)မှ စောဘလှသိန်းက “ကျနော်တို့အနေနဲ့ ဒုက္ခသည်တွေ မလာခင် ၄နှစ်လောက်ကတည်း က ပြင်ဆင်ထားတာပါ။ ဂျပန်အစိုးရအနေနဲ့ လုပ်ဆောင်မှုအပိုင်းက အဆင်ပြေပေမယ့် ကြည့်ခိုင်းတဲ့လူတွေနဲ့ သိပ်အဆင်မ ပြေသေးပါဘူး။ အရင်ရောက်လာတဲ့အဖွဲ့တွေ နည်းနည်း အခက်အခဲ ရှိပါတယ်။ ယဉ်ကျေးမှု၊ ဘာသာစကားကအစပေါ့။ ကျနော်တို့ ကြိုးစားဖြေရှင်းသွားမှာပါ။”ဟု ပြောသည်။
ယင်းသို့ ရောက်ရှိလာသည့် ဒုက္ခသည်များအား ဂျပန်အစိုးရက တစ်ရက်စာအဖြစ် လူကြီး ၁၅၀၀၊ ကလေး ၇၅၀ယန်းကို ၆ လ ထောက်ပံ့ကူညီပေးသလို ထိုအတောအတွင်း ဂျပန်စကား၊ ဂျပန်စာနှင့် လူမှုဆက်ဆံရေးသင်တန်းများလည်း ပို့ချပေး သည်ဟု ဒုက္ခသည်များကို ကူညီပေးနေသူများက ပြောဆိုသည်။
ဂျပန်ရောက် ကရင်အမျိုးသမီးတစ်ဦးက “အရင်ရောက်တဲ့သူတွေထဲက ချီဘားမှာနေတဲ့ မိသားစုတွေသာ အဆင်မပြေတာ ပါ။ တာဝန်ယူတဲ့သူက တာဝန်ယူမှုမရှိတဲ့အတွက် ဒီလိုဖြစ်ရတာပါ။ အခုဆို ဒုက္ခသည်တွေနဲ့ ဆက်သွယ်မယ်ဆိုရင် ရှေ့နေ နဲ့ပဲ စကားပြောနေရတယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဂျပန်တွင် ၅နှစ်ကျော် ရောက်ရှိနေသူတစ်ဦးကလည်း “ဂျပန်အစိုးရကတော့ ကျမအတွေ့အကြုံအရ လုပ်ပေးမယ်ဆို တကယ်လုပ်ပေးပါတယ်။ သူယူတဲ့တာဝန် သူကျေအောင် လုပ်ပေးပါတယ်။ နာမည်ပျက်လည်း မခံဘူး။ တခုရှိတာက ဒီမှာ က လူတိုင်း အချိန်နဲ့အမျှ လှုပ်ရှားနေရတာ။ မြန်မာပြည်မှာလို နေလို့တော့ မရဘူးလေ။ ဒီကိုရောက်လာတာ ကောင်းပါ တယ်။”ဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် မြန်မာဒုက္ခသည်ဦးရေ တစ်သိန်းခွဲခန့် နေထိုင်လျက်ရှိသည်။
ပြီးခဲ့သည့်လကလည်း ဂျပန်အစိုးရနှင့် UNHCR မှ တာဝန်ရှိသူအချို့က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း သို့ သွားရောက်ခဲ့ပြီး လာမည့်နှစ်တွင် စတင် ခေါ်ယူမည်ဟု ပြောဆိုခဲ့ကြောင်း အုန်းဖျန်စခန်းကော်မတီက ပြောသည်

No comments: