Wednesday, October 5, 2011

တရားမ၀င် နေထိုင်သူ ၃ သိန်းကျော် အစိုးရ အသိအမှတ်မပြုသေး

 PETALING JAYA -တရားမ၀င် နိုင်ငံခြားသားများအတွက်
လုပ်ဆောင်သည့် လွတ်ငြိမ်းခွင့် 6P အစီအစဉ်ဖြင့် မှတ်ပုံတင် ခဲ့ကြသော
နိုင်ငံခြားသား ၃ သိန်းကျော်ကို အစိုးရက အသိအမှတ်မပြုသေးကြောင်း သိရသည်။

သတ္တုတူးဖော်ရေး၊ ကားဝပ်ရှော့၊ စားသောက်ဆိုင်၊ ငါးဖမ်းလုပ်သားနှင့်
သတင်းစာ လက်ပွေ့သမား စသည့် ကဏ္ဍများတွင် လုပ်ကိုင်နေသည့် တရားမ၀င်
နိုင်ငံခြားသား ၃၂၇၉၉၁ ဦး ရှိကြောင်း ပြည်ထဲရေး ၀န်ကြီး Datuk Seri
Hishamuddin Husseinက ထုတ်ပြန်ချက်တွင်ပြောသည်။

“ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ခြံလုပ်ငန်းသမားနဲ့
စက်မှုလုပ်ငန်းတွေက နိုင်ငံခြားသားတွေကို အလုပ်လုပ်ခွင့်
အတည်ပြုလိုက်ပါပြီ”ဟု သူက ပြောသည်။

6P အစီအစဉ်ဖြင့် မှတ်ပုံတင်ရာတွင် တချို့သော တရားမ၀င် နေထိုင်သူများမှာ
ကိုယ်ပိုင်အလုပ် လုပ်ကိုင်နေသူများ ဖြစ်ပြီး တချို့မှာ
အလုပ်ရှင်များဖြစ်နေသည်ကို တွေ့ရသည်ဟု လူဝင်မှုကြီးကြပ်ရေး (လ၀က) က
ဆိုသည်။

“ဒါက အခြေအနေသစ်တခု မဟုတ်ပေမယ့်၊ အလုပ်လုပ်ခွင့်နဲ့ အထောက်အထားတွေကို
အတုလုပ်တာတွေရှိနေပေမယ့် သူတို့ကို အရေးယူဖို့ခက်ပါတယ်” ဟု Hishamuddin
ကပြောသည်။

တရားမ၀င် နေထိုင်သူများအတွက် 6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊
တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊
စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း
စသည့်အဆင့် ၆ ဆင့်ကို ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအစီအစဉ်အတွက် တရားဝင်နှင့် တရားမ၀င် နိုင်ငံခြားသား ၂၃၂၀၀၃၄ ဦး
ကိုယ်ရေး မှတ်ပုံတင်ခြင်း စနစ်ဖြင့် မှတ်ပုံတင်ခဲ့ ကြသည်။ ၁၃၀၃၁၂၆ ဦးမှာ
တရားမ၀င် နေထိုင်သူများဖြစ်သည်။

အောက်တိုဘာ ၄ ရက်နေ့တွင် နိုင်ငံခြား အလုပ်သမားနှင့် တရားမ၀င်
ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ အစိုးရ ကော်မတီ အစည်းအဝေးပြီးမှ
သာလျှင် တရားဝင် လုပ်ဆောင်ခြင်းရက်ကို သတ်မှတ်မည်ဖြစ်သည်။

“အတည်မပြုရသေးတဲ့ ကဏ္ဍများက တရားမ၀င် အလုပ်သမားတွေကို
တရားဝင်ဖြစ်ခွင့်အဆင့်မှာ အထူးခွင့်ပြုချက်နဲ့ ထည့်သွင်းဖို့ဆိုတဲ့
အလုပ်ရှင်တချို့၏ အကြံဥာဏ်ကိုပြည်ထဲရေးဝန်ကြီးဌာနက စဉ်းစားမယ်၊
သတ်မှတ်ကာလတခုမှာ အလုပ်သမားတွေကို တရားဝင်လုပ်ခွင့်ပေးဖို့လည်း သူတို့က
တောင်းဆိုထားတယ်၊ ဒါကြောင့် အလုပ်ရှင်က လုပ်အား အရင်းအမြစ်အတွက်
အဖြေရှာလို့ ရတာပေါ့” ဟု Hishamuddin ပြောသည်။

6P အစီအစဉ်သည် တိုင်းပြည်အတွက် လိုအပ်သည့် နိုင်ငံခြား လုပ်အား အသေးစိတ်
အခြေအနေကို ရရှိနိုင်မည်ဟု Hishammuddinက ယုံကြည်လျက်ရှိသည်။

“ဒီအချက်အလက်တွေက နိုင်ငံခြား အလုပ်သမား အလုပ်လုပ်ခွင့် မူဝါဒကို
ပြန်သုံးသပ်ရာမှာ အရေးပါလိမ့်မယ်” ဟု သူက ဆိုသည်။

မသေချာ မရေရာမှု တချို့ဖြင့် စတင်ခဲ့သည့် 6P အစီအစဉ်ကို ယခုအခါ အသေးစိတ်
စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။

ဇွန်လတွင် စတင်ရန် စီစဉ်ခဲ့သည့် တရားဝင် အလုပ်သမား
မှတ်ပုံတင်ခြင်းသည်လည်း ဇူလိုင်လသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ကိုယ်ရေးမှတ်ပုံတင်သည့် အချိန်တွင် အခက်အခဲများနှင့် ကောင်တာများတွင်
လူတန်းရှည်များကြောင့် အလုပ်ရှင်များက ၎င်းတို့၏ အလုပ်သမားများကို
မှတ်ပုံတင်ရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း လ၀က၏
ပေးပို့ချက်တွင် ပါရှိသည်။

တရားမ၀င်အလုပ်သမား မှတ်ပုံတင်ခြင်းသည်လည်း ဇူလိုင် ၁၁ ရက်မှ သြဂုတ် ၁
ရက်သို့ ရွှေ့ဆိုင်းခဲ့ရပြီး ပြဿနာများကြောင့် ရက်မသတ်မှတ်နိုင်
ဖြစ်ခဲ့ရသည်။

ပြည်ထဲရေးက ခန့်အပ်ထားသည့် ကုမ္ပဏီ သို့ ကိုယ်စားလှယ် ၃၃၆ ခုဖြင့်
မှတ်ပုံတင်ခဲ့ကြသော တရားမ၀င် အလုပ်သမားများ က မှတ်ပုံတင်ခြင်းအတွက်
မလေးရှား ရင်းဂစ် ၃၅၊ တရားဝင် လုပ်ဆောင်ခြင်းအတွက် ရင်းဂစ် ၃၀၀
ပေးဆောင်ရမည်ဖြစ် သော်လည်း မှတ်ပုံတင်ခြင်းမရှိသည့် ကိုယ်စားလှယ်ခွဲများက
ရင်းဂစ် ၂၀၀၀ အထိ တောင်းခံခဲ့ကြောင်း သိရသည်။

စိုးလွင်
သတင်းသမဂ္ဂ

No comments: