Friday, November 11, 2011

ရန်ကုန် မြို့ပတ်ရထား စီးနင်းခ တက်မည်

မင်းသက် | ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၆ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသည့် အရှုံးပေါ်နေသော မြို့ပတ်ရထား၏ စီးနင်းခများကို ကျပ် ၁၀ မှ ကျပ် ၁၀၀ ကျပ်သို့ ယခုလ ၁၅ ရက်နေ့မှ စတင်ကာ တိုးမြှင့်ကောက်ခံတော့မည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တရားဝင် သတင်းထုတ်ပြန်ကြေငြာသည်။

ယင်းအပြင် ယခင်က မြို့ပတ်ရထား လသုံး လက်မှတ်တစောင်ကို ၃၅၀ ကျပ်သတ်မှတ်ထားရမှ ၁,၇၀၀ ကျပ်သို့
ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်းလည်း မြန်မာ့မီးရထား တိုင်း(၇)မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ အသုံးပြုနေသော ရန်ကုန်မြို့ပတ်ရထား လက်မှတ်ခနှုန်းများမှာ ၁၅ မိုင် ခရီးစဉ်အတွက် ၁၀ကျပ်၊ ၁၅မိုင် အထက် ခရီးစဉ် အတွက် ၂၀ကျပ် သတ်မှတ်ထားသည်။

အဆိုပါ ရထားလက်မှတ်ခ နှုန်းထားများသည် ယခင် ဒီဇယ်ဆီ တဂါလန်လျှင် ၁၆၀ကျပ် ရှိစဉ်က သတ်မှတ်ထား
သော ဈေးနှုန်းများဖြစ်ကာ ယခုအခါ ဒီဇယ်ဈေးမှာ ၃,၀၀၀ ကျပ် ဖြစ်နေသည့်အတွက် မီးရထားဌာန အနေဖြင့် အရှုံးပေါ်နေကြောင်း လည်း မြန်မာ့မီးရထား တာဝန်ရှိသူက ပြောသည်။

မြို့ပတ်ရထားကို အခြေခံ လက်လုပ်လက်စား လူတန်းစားများသာ စီးနင်းကြခြင်းဖြစ်ကာ အခြား ခရီးသည်တင်
ယာဉ်များနှင့် နှိုင်းယှဉ်ပါက စီနင်းခမှာ သက်သာသည့် အတွက် ရုံးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊
ဈေးသည်များ စီးနင်းမှု အများဆုံးဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်တွင် ပြေးဆွဲနေသော မြို့ပတ်ရထားလိုင်းပေါင်း ၂၂ လိုင်းရှိကာ ငါးမိနစ်လျှင် တချိန်စီ ပြေးဆွဲနေပြီး တနေ့လျှင် စုစုပေါင်း အခေါက်ရေ ၂၀၀ ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား စာရင်းများ အရ သိရသည်။

မြို့ပတ်ရထားများအတွက် လစဉ်ကုန်ကျစရိတ် ကျပ်ငွေ ၂၆၁ သန်းရှိပြီး ဝင်ငွေမှာ ကျပ် ၄၂ သန်းသာ ရှိကြောင်း
မြန်မာ့ မီးရထားက သတင်း ထုတ်ပြန်ထားသည်။

No comments: