Tuesday, November 8, 2011

ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ ၏ လူထု ဆန္ဒခံယူပွဲ



ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ အပေါ် လူထု ဆန္ဒ ရယူရန် ရှင်းလင်းပွဲ တရပ်ကို ယနေ့ မနက် (၁၀) နာရီတွင် ကရင်ပြည်နယ် မြ၀တီမြို့ နယ် သေ့ဘောဘိုး ကျေးရွာ အုပ်စုရှိ ၀ါမီထ ကျေးရွာ၌ ကျင်းပ ခဲ့ပါသည်။ ထိုရှင်းလင်းပွဲသို့  ဒီကေဘီအေ ဌာနချုပ် အခြေခံ စခန်းဝန်းကျင်မှ ကျေးရွာ လူကြီးများ၊ စိတ်ဝင်စားသည့် ရပ်မိရပ်ဖများ အင်အား (၃၀)ကျော် တက်ရောက် ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးစန်းအောင်က ဆိုပါသည်။

ဒီကေဘီအေ တပ်ဖွဲ့ ၏ အပစ်အခတ် ရပ်စဲရေးပေါ်လစီ အပေါ် လူထုများ၏ အကြံပြုချက်များမှာ-

(၁) မိမိလက်နက် မိမိလက်ထဲတွင် ရှိရေး၊ (လက်နက်မချရေးမူ ဖြစ်ရန်လိုအပ်သည်)

(၂) လူထု အကျိုးစီးပွားအတွက် မျှော်ကိုးပြီး အပစ်အခတ် ရပ်စဲရေးဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ထားရန်။

(၃) အလိမ်မခံရစေရေးအတွက် ပြင်ဆင်ထားစေရန်တို့ ဖြစ်သည်ဟု သေ့ပေါ်ပိုး ရွာသားတဦးက ပြောပါသည်။

" ကျနော်ကတော့ နအဖတွေကို မယုံဘူးဗျ။ သူတို့ကဗြောင်လိမ်တယ်၊ လိုရင်တမျိုး မလိုရင် တမျိုးဘဲ၊ ခက်တာက ကျနော်တို့ ကရင်တွေက ရိုးအတယ်ဗျ။ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှိတယ်။ ပြီးတော့ အယုံလွယ်တယ်၊ မှိုင်းတိုက်ပြီး အချင်းချင်း ခွပ်ခိုင်းနေတယ် သိရက်သားနဲ့ လက်ကိုင်တုတ် လုပ်ကြတယ်ဗျ။ ဒါကြောင့် ကျနော်အကြံပြုလိုတာက အလိမ်မခံရအောင် သတိထားဖို့ ပါဘဲ” ဟု ၀ါနီထကျေးရွာသားတဦးက ပြောပါသည်။

ထိုရှင်းလင်းပွဲသို့ ၊ အမှတ်(၁၉)အုပ်စုဟု သတ်မှတ်ထားသော မြ၀တီမြို့ နယ်တောင်ဖက်ခြမ်းရှိ၊ ဆုံဆည်းမြိုင်ကျေးရွာ၊ သေ့ဘောဘိုး၊ ဗလဲဒုကျေးရွာ၊ တောင်နီ၊ ဝေါလေ၊ အိုကေထ၊ ၀ါနီထ၊ တာအုတ်ထ၊ ကွီလောချု၊ တို့ ကျေးရွာမှ ကျေးရွာတာဝန်ရှိ သူများ တက်ရောက်ကြပါသည်။

အစိုးရတပ်ဖွဲ့ များ အခြေချထားသည့် သေ့ဘောပိုး၊ တောင်နီကျေးရွာ ဝေါလေကျေးရွာမျိုးမှ ကျေးရွာ ဥက္ကဌများသည်၊ အစိုးရ တပ်ဖွဲ့ထံ ကြိုတင် အကြောင်းပြီးမှ ၄င်းတို့၏ ခွင့်ပြုချက်ဖြင့် ဤရှင်းလင်းပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါသည်။ ခွင့်ပြုချက်မရှိပါက အန္တရာယ်ကျရောက်နိုင်ပါသည်။
“ ခွင့်တော့ပြုတယ်ပေါ့၊ ဒါပေမဲ့ပြန်လာရင် ဒီကေဘီအေတွေ ဘာပြောလဲဆိုတာ ပြန်ပြောပြရတယ်လေ။ လောလောဆယ်တော့ သူတို့ အနှောင့်အယှက်ပေးမှာတော့ မဟုတ်ပါဘူး။ ခက်တာက တကယ်လို့ ဒီကေဘီအေတွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ ပျက်တဲ့နောက်မှာ ရန်ရှာတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် အစိုးရတပ်တွေကို ကြိုတင်အကြောင်း ကြားပြီးမှ သွားရင် အကောင်းဆုံးပါဘဲ။”ဟု တောင်နီကျေးရွာသား တဦးက ပြောပါသည်။

ဗိုလ်မှူးချုပ် စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ နှင့် နအဖတို့သည်၊ ပြီးခဲ့သည့် နိုဝင်ဘာ(၃) ရက်နေ့တွင် ကရင် ပြည်နယ်၊ ဖါးအံမြို့ ၌ အပစ်ခတ် ရပ်စဲရေးအတွက် နှစ်ဖက်စလုံးမှ ကိုယ်စားလှယ် (၄) ဦးစီ လက်မှတ်ထိုးပြီး အတည်ပြုခဲ့ကြပါသည်။ ဤသဘောတူချက်၏ အသေးစိပ် အချက်အလက်ကိုမူ နိုဝင်ဘာ (၆)ရက်နေ့တွင် ထုတ်ပြန်မည်ဟု ဒီကေဘီအေ ဖက်မှ ဆိုပါသည်။

No comments: