Tuesday, June 7, 2011

မြန်မာစာပေဟောပြောပွဲ တောင်ကိုရီးယားမှာ ကျင်းပ

2011-06-06

၂၀၁၁ ခုနှစ်အတွက် မြန်မာစာပေ ဟောပြောပွဲတရပ်ကို တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့၊ ဘို့ဆာဂိုလ် သဘင် ခန်းမမှာ ဇွန်လ ၅ ရက် မနေ့က ကျင်းပခဲ့ပြီး၊ မြန်မာနိုင်ငံက ထင်ရှားတဲ့ စာပေအနုပညာရှင်တွေ ဖြစ်ကြတဲ့ စာရေးဆရာ ဖေမြင့်နဲ့ ကာတွန်းဆရာ အော်ပီကျယ်တို့က ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

(Photo: burmainfokorea.blogspot.com)

ကာတွန်းဆရာ အော်ပီကျယ် (ဝဲ) နှင့် စာရေးဆရာ ဖေမြင့် (ယာ) တို့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: burmainfokorea.blogspot.com)

ဒီအခမ်းအနားမှာ အဓိက ဟောပြောခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ စာရေးဆရာ ဖေမြင့်က RFA ကို အခုလို ပြောပါတယ်။

“ကိုအော်ပီကျယ်၊ သူကတော့ ရေကြည်ရာ မြက်နုရာ ပြောတယ်။ ကျွန်တော် ပြောတာတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောတယ်ဗျ။ ပြောတော့ ကျွန်တော် စာအုပ်တွေအကြောင်း ပြောတာပေါ့နော်။ စာဖတ်ခြင်းကြောင့် ဘာတွေ ရတယ်ပေါ့ဗျာ။ ဆိုတဲ့ အကြောင်းတွေနဲ့ စာအုပ်တွေရဲ့ လူတွေအပေါ် လွှမ်းမိုးနိုင်တဲ့ စွမ်းအားတွေ၊ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ စာအုပ်တွေ စသဖြင့် အဲလို စာအုပ်တွေအကြောင်းတွေ ကျွန်တော် ပြောတယ်ဗျာ။”

စာပေဟောပြောပွဲ အခမ်းအနားနဲ့အတူ စာအုပ်ပြသ ရောင်းချပွဲနဲ့ စာရေးသူ စာဖတ်သူ ဆွေးနွေးပွဲကိုပါ ထည့်သွင်း ကျင်းပခဲ့ပြီး၊ မြန်မာစာပေ ပရိသတ် ၃၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူတဦး ဖြစ်တဲ့ ကိုဝင်းပေါ်မောင်က ပြောပါတယ်။

“ပရိသတ်ကတော့ ၃၀၀ လောက် ရှိပါတယ်။ ကျွန်တော်တို့က ဒီမှာတော့ လူငယ်တွေ ဘာတွေကျတော့ အဝေးကြီးဆိုတော့ မလာနိုင်ဘူးပေါ့နော်။ လာတဲ့ ပရိသတ်ကတော့ ဒီ စာပေအပေါ်မှာ စိတ်ဝင်တစား ရှိလို့ကို လာကြတာပေါ့လေ။ တချို့ဆိုလည်း တော်တော် ဝေးဝေးက လာတဲ့လူတွေလည်း ရှိတယ်လေ။ ကျွန်တော်တို့က ဒီမှာ စာအုပ်ပြပွဲလေးလည်း လုပ်တယ်။ စာအုပ် ရောင်းပွဲလည်း လုပ်တယ်။ ရောင်းတဲ့ပွဲလည်း ကုန်ပါတယ်။ စာအုပ်တွေ ဆရာတို့ စာအုပ်တွေဆို အကုန် ကုန်တာပဲ။”

မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ နိုင်ငံခြားမှာ ကျင်းပတဲ့ မြန်မာစာပေဟောပြောပွဲတွေကို သွားရောက် ဟောပြောဖို့ အရင်ကလောက် အခက်အခဲ မရှိတော့တာကြောင့် စင်ကာပူ၊ တောင်ကိုရီးယားစတဲ့ နိုင်ငံတွေမှာ သာမက ယူအေအီး ခေါ် အာရပ်စော်ဘွားများ ပြည်ထောင်စုအထိ သွားရောက်ဟောပြောနေကြပြီလို့ စာရေး ဆရာဖေမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၁၀ နှစ်လောက်ကဆိုရင် မြန်မာနိုင်ငံတွင်းက စာရေးဆရာတွေဟာ ပြည်ပကို ထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်လို့ မရတာကအစ အခက်အခဲတွေ အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အခုတော့ ဒီလို အခက်အခဲတွေ တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်တဲ့အတွက် စာရေးဆရာတွေလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ စာပေဟောပြောပွဲတွေကို ခပ်စိတ်စိတ် တက်ရောက်လာနိုင်ခဲ့ကြပါတယ်။

အခုနှစ်ပိုင်းတွေမှာဆိုရင် စာရေးဆရာ အောင်သင်း၊ ဆရာ ချစ်ဦးညို၊ ဆရာမ ဂျူး၊ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ အော်ပီကျယ်၊ ဆရာ ဖေမြင့်စတဲ့ စာပေနယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေဟာ စင်ကာပူ၊ တောင်ကိုရီးယား၊ ယူအေအီး စတဲ့နိုင်ငံတွေမှာ ကျင်းပတဲ့ မြန်မာစာပေ ဟောပြောပွဲတွေကို တက်ရောက် ဟောပြောခဲ့ကြပါတယ်။ ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ မနေ့က ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ စာရေးဆရာ ဖေမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်

No comments: