Friday, June 10, 2011

နွားကျောင်းသားများ သာသနာရေးဝန်ကြီးဌာနတွင် အလုပ်ရမည်

နွားကျောင်းချင်သလား၊ လာထား။


သင်းအောင်

နွားပဲကျောင်းတတ်တယ်ဗျ၊ ဒါပေမယ့် ကျုပ်က ၀န်ထမ်းတို့ အရာရှိတို့ ဖြစ်ချင်တာ လို့ ဆိုသူများအတွက် မျှော်လင့်ချက်ရောင်ခြည် သမ်းလာပါပြီ။ အလုပ်လျှောက်လွှာတစောင် ရေးပြီး သာသနာရေး ၀န်ကြီးဆီ အရောက်ပို့လိုက်ပါ။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ ဦးမြင့်မောင်က နွားတွေ အများကြီးမွေးထားတယ် တဲ့။

"နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးဝန်ကြီးရုံးရှေ့ စိုက်ခင်းမှာ ၀န်ကြီးပိုင် နွားခြံ ရှိတယ်။ နွားချေးကျုံး၊ နွားစာကျွေး၊ နွားကျောင်း တာဝန်တွေကို သာထွန်းပြန့် ၀န်ထမ်းတွေက တာဝန်ယူနေရတယ်" လို့ သာထွန်းပြန့် ၀န်ထမ်းတဦးက ဆိုပါတယ်။

သာထွန်းပြန့် ဆိုတာ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ရဲ့ အတိုကောက်ပါ။

သူရ ဦးမြင့်မောင်ရဲ့ (၆) နှစ်တာ ၀န်ကြီး သက်တမ်းအတွင်း ၀န်ထမ်းငယ်တို့ဟာ ရုံးလုပ်ငန်းနဲ့ မပတ်သက်တာတွေ၊ အလုပ်ကြမ်းတွေ အခိုင်းခံနေရလို့ အင်မတန် စိတ်ပျက်နေကြပါပြီ။ လုပ်ရတာက သူ့ရဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာပါ။

ပြီးခဲ့တဲ့နှစ်က ဖွင့်ခဲ့တဲ့ ပုဂံမြို့၊ ပုဂံစင်တာ သာသနာ့ အဆောက်အအုံဟာလည်း သာသနာရေးဌာန ၀န်ထမ်းတွေရဲ့ လက်ရာလို့ ဆိုတယ်။ တည်ဆောက်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေအိတ်ထမ်း၊ အုတ်သယ် ဆိုတာတွေကို လုပ်ခိုင်းခဲ့ပါတယ်။

အလိုမတူ ခိုင်းစေမှု၊ ဆက်ဆံရေး မောက်မာမှု၊ ကိုယ်ကျိုးရှာမှု စတဲ့ သူရ ဦးမြင့်မောင်ရဲ့ ကျော်ကြားမှုတွေဟာ ပြည်ပမီဒီယာတွေမှာ ပါလာပြီး နောက်ပိုင်း ပုဂံစင်တာမှာ ခိုင်းတာတွေ ရပ်သွားတာပါ။

သူရ ဦးမြင့်မောင် ပြည်ထဲရေး ဒုတိယ၀န်ကြီးအဖြစ်ကနေ နေရာပြောင်းလာသူပါ။ ဒါကြောင့် အကျဉ်းဦးစီးဌာနကိုလည်း သြဇာသက်ရောက်တာကြောင့် အင်းစိန်က အကျဉ်းသားတွေကို ရန်ကုန်မြို့၊ သာသနာရေးဝန်ကြီး ရုံးတွင်း ရုံးပြင် မြက်နုတ် သန့်ရှင်းရေး အလုပ်တွေ ခိုင်းခဲ့ပါသေးတယ်။ ဒါလည်း မီဒီယာမှာ ပါလာလို့ ရပ်သွားပါတယ်။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။

"လှည်းကူးမြို့၊ ငါးဆူတောင်မှာ ၀န်ကြီးပိုင်လယ်ဧက ၅၀ ကျော် ရှိတယ်။ ရဲတပ်ကြပ်ကြီး တယောက်ကို သာသနာရေး ၀န်ထမ်း အဖြစ် အသွင် ပြောင်းပြီး ငါးဆူတောင် စိုက်ခင်းမှာ ဦးစီးဖို့ ခန့်အပ်ထားတယ်" လို့ ၀န်ထမ်းတယောက်က ဖောက်သည်ချပါတယ်။

သာသနာရေးဝန်ကြီးတဦး ရှိသင့်တဲ့ ဂုဏ်သိက္ခာ၊ လုပ်ထုံး လုပ်နည်းနဲ့ ညီညွတ်ခြင်း မရှိတဲ့ အဆိုးဝါးဆုံး လုပ်ရပ်တခုကတော့ ရုံးဝင်းအတွင်း ခွေး နဲ့ ကြက်တွေ မွေးထားတာပါပဲ လို့ ၀န်ထမ်းတွေက မြင်ပါတယ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး သာသနာရေးဝန်ကြီးရုံးဝင်းထဲမှာပါ။

"ပုံနှိပ်စက် နောက်ဘက်မှာ ခြံနဲ့ ၀င်းနဲ့ ဒိုဘာမင် ခွေးအထီးတကောင် မွေးထားတယ်။ ခွေးစာကျွေး၊ ထိန်းကျောင်း ကိစ္စတွေကို သာသနာရေးဝန်ထမ်းတွေက လုပ်ပေးနေရတယ်။ ခွေးအစာအတွက် သံဃာ့တက္ကသိုလ်နဲ့ သံဃာ့ မဟာနာယကဆောင်ရဲ့ ဆွမ်းကျန် ဟင်းကျန်တွေကို ဆွမ်း/ကွမ်းဌာန ၀န်ထမ်းတွေက နေ့စဉ် ယူပေးရတယ်"

ဒါက ၀န်ထမ်းတဦး ရှင်းပြတာပါ။

သူရ ဦးမြင့်မောင်ရဲ့ ကြက်တိန်ညင်တွေကို အစာကျွေးတာ၊ လွတ်ကျောင်းတာကိုလည်း သာသနာရေးဝန်ထမ်းငယ်တွေပဲ လုပ်ရပါတယ် တဲ့။

ဝန်ကြီးရဲ့ အကွက်စေ့ပုံ နောက်တခုလည်း ရှိပါသေးတယ်။

ဝန်ကြီး မိသားစုအတွက် သာသနာရေးဦးစီးက ဆန် ၄ အိတ်၊ သာ-ထွန်း- ပြန့်က ဆန် ၄ အိတ် (ပေါင်း ၈ အိတ်) ကို လစဉ် ထောက်ပံ့နေရတယ်၊ ထိုက်သင့်သလောက် ကောင်းတဲ့ အဲဒီလို ဆန်ကိုတောင် ၀န်ကြီးက နေပြည်တော် မြို့မဈေးထဲက ဆန်ချောနဲ့ သွားလဲခိုင်းသေးတယ် လို့လည်း အတွင်းသိတဦးက ဆိုပါတယ်။

အခု ပေါ်လာတဲ့ "အရပ်သား"အစိုးရမှာလည်း ဦးမြင့်မောင်က ၀န်ကြီးပါပဲ။

ဝန်ကြီးက ၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်း အစပိုင်းမှာ "ဓမ္မစက်နှင့် တား၍ မရပါက အာဏာစက်နှင့် တားမြစ်ရပါလိမ့်မည်" လို့ သံဃာ့ မဟာ နာယက အဖွဲ့ကို လျှောက်တင်ခဲ့သူပါ။

"ရွှေဝါရောင် သံဃာ့အရေး တလျှောက်မှာ ၀န်ကြီးဟာ တိုင်းမှူး၊ တပ်မမှူးတွေနဲ့ စစ်ရုံးထဲမှာ နေ့/ည ရုံးထိုင်ပြီး သံဃာ့အရေးကို ကိုင်တွယ်ခဲ့သူလည်း ဖြစ်တယ်။ သံဃာ့ ကိစ္စကို အဲဒီလို ပြင်းပြင်းထန်ထန် ဖိနှိပ်ရဲတဲ့ သာသနာရေးဝန်ကြီးဟာ အခု အစိုးရသစ် အဖွဲ့မှာ မူလ ရာထူးနဲ့ ပြန်ပါလာတာဟာ အာဏာရှင် စနစ်ရဲ့ မထူးခြားတဲ့ ဖြစ်စဉ်တခုပါပဲ" လို့ ၀န်ထမ်း အများ အပြားက သုံးသပ်နေကြပါတယ်။

No comments: