Tuesday, October 11, 2011

လှည်းတန်းဈေး မိလ္လာစနစ် ပတ်ဝန်းကျင် နေထိုင်သူများဆိုးရွားစွာ ခံစားရ .

Tuesday, 11 October 2011 00:00 The Voice Journal ..

ရန်ကုန်မြို့တော်၏ လူနေ ထူထပ်သော နေရာ တစ်ခုဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်း ဈေးရှိ အများသုံး အိမ်သာ၏ မိလ္လာ စွန့်ပစ်သည့် စနစ်ကြောင့် ယင်းဈေးအနီး ပေ ၅၀ လမ်းတွင် ဆိုးရွား သည့် အနံ့အသက်များ ခံစားနေရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများက The Voice Weekly သို့ ပြောကြားသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင် ဈေးဖွင့်လှစ်ချိန်မှ စတင် အသုံးပြု ခဲ့သည့် ယင်းဈေးရှိ အများသုံးအိမ်သာမှာ သုံးစွဲသူများပြားလှသဖြင့် ရေပုပ်စုပ်ယာဉ်များဖြင့် မိလ္လာကန်မှ စုပ်ယူသော်လည်း လုံလောက်မှုမရှိသဖြင့် ယင်းဈေး အနောက်ဘက်ရှိ ကမာရွတ်မြို့နယ် (၃) ရပ်ကွက် ပေ ၅၀ လမ်းရှိ ရေမြောင်းအတွင်းသို့ လမ်းလွှဲစွန့်ပစ်မှုများရှိကြောင်း၊ ယခုကဲ့သို့ မိုးရာသီကာလများတွင် ရေနုတ် မြောင်းအတွင်း မိုးရေနှင့် မိလ္လာရေများ ရောထွေး ကာ အနံ့ဆိုးများ ရှူရှိုက်နေရသည့်အတွက် နေထိုင်သူများ၏ကျန်းမာရေး ထိခိုက်နိုင်ပြီး စိတ်အနှောင့် အယှက်ဖြစ်ရကြောင်း ယင်း လမ်းသာယာရေးကော်မတီဝင် ဦးဟုတ်အောင်က ပြောဆို သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လမ်းအတွင်းနေ ထိုင်သူများ စုပေါင်း လက်မှတ် ရေးထိုး တိုင်ကြားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး ညှိနှိုင်းပေးခဲ့သဖြင့် လမ်းအတွင်းသို့ မိလ္လာရေဆိုးဖောက်ချမှုများ ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလခန့်မှ စတင်ကာ ပြန်လည် စွန့်ပစ်လာ ပြန်ကြောင်း အဆိုပါလမ်း၌ မွေးဖွားစဉ်ကတည်းက နေထိုင်လာခဲ့သော ၎င်းက ပြောကြားသည်။

“အဲဒါတွေ (မိလ္လာရေ) လွှတ်လိုက်ရင်း အိမ်ထဲအတင်းဝင်ပြေးရတယ်။ အိမ်ကလည်း လေဝင် လေထွက် မကောင်း တော့ဘူး” ဟု ပေ ၅၀ လမ်း မြေညီထပ်တွင် နေထိုင်ပြီး ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသည့် ဒေါ်ရီရီမြင့်က ဆိုသည်။ “အခုဆို ရင်ကျပ်တောင်ဖြစ်နေပြီ” ဟု ၎င်းက ဆက်လက် ညည်းတွား သည်။ အဆိုပါ လှည်းတန်းဈေး မိလ္လာစွန့်ပစ်သည့်စနစ်နှင့်ပတ်သက်၍ The Voice Weekly က ယင်းဈေး ဈေးတာဝန်ခံ ရုံးသို့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က သွားရောက် မေးမြန်းရာ ယခင်က လမ်းအတွင်းသို့ စွန့်ပစ်ခြင်းများရှိခဲ့ဖူးသော်လည်း ယခုလက်ရှိတွင် ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ငြင်းဆိုသည်။ ယင်းအများသုံး အိမ်သာမှ ဝင်ကြေး ကောက်ခံသည့် အမျိုးသားကလည်း နေ့စဉ်နံနက်တိုင်း ရေပုပ်စုပ်ယာဉ် တစ်စီး လာရောက် စုပ်ယူလေ့ရှိပြီး လမ်းအတွင်း ဖောက်ချခြင်းမရှိကြောင်း ဖြေဆိုသည်။

No comments: