Wednesday, November 28, 2012

သိမ်ဇရပ်တွင် ကမ်းပါးပြို၊ အိမ်ခြေ ၄၀ မျောပါပျက်စီး

မွန်ပြည်နယ် သိမ်ဇရပ် တိုက်နယ်မြို့နယ်ရှိ ရွာမ ရပ်ကွက်နှင့် ဆိပ်ကမ်းသာ ရပ်ကွက်တို့တွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ သောကြောင့် အိမ်ခြေ ၄၀ ပျက်စီးခဲ့ကြောင်း သိရသည်။ 
(ဓာတ်ပုံများ - နေမျိုးဇင်)
အဆိုပါ ဒေသတွင် ကမ်းပါးပြိုမှုကြောင့် ပျက်စီးမျောပါသွားသည့် အိမ်ခြေ ၄၀ အပါအဝင် ဆက်လက်မျောပါမည့် အနေအထားတွင် ရှိသောကြောင့် ဖြိုဖျက်လိုက်ရသည့် အိမ်များ၊ မြေကြီး ပက်ကျားအက်များကြောင့် လူမနေရဲတော့သည့် စုစုပေါင်း အိမ်ခြေ ၁၇၀ ခန့်ရှိပြီဖြစ်ကြောင်း ယင်းနေရာတွင် လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသည့် မြန်မာ့ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်က ဆိုသည်။

“မြေကအဲဒီလို တအိအိ နိမ့်ဆင်းလာတော့ ဒေသခံတွေက သူတို့ရဲ့ အိမ်တွေ၊ ဆိုင်တွေကို အမိုးတွေ ဖြုတ်၊ တိုင်တွေ ဖြုတ်နဲ့ ဖျက်ပြီး ထွက်ပြေးကြတယ်။ အခုအချိန်အထိတော့ အိမ်ခြေပေါင်း ၁၇၀ ကျော် ပျက်စီးသွားပြီ” ဟု မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ကိုနေမျိုးဇင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ထိုကမ်းပါး ပြိုမှုသည် ယခုလ ၁၇ ရက်နေ့ ည ၇ နာရီခန့်မှ စတင်၍ ၂၅ ရက်နေ့အထိ ဖြစ်ပေါ်ခဲ့သော်လည်း လူအသေ အပျောက် မရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာက ရုတ်တရက်ကြီး ဖြစ်တာမဟုတ်ဘဲနဲ့ မြေက တအိအိ နိမ့်ဆင်းလာပြီး သိသိသာသာ နိမ့်ဆင်းလာတဲ့ အချိန်ကြတော့ အဲဒီက လူတွေက ပြေးကြတာပေါ့၊ ဒါကြောင့် အသေအပျောက်တော့ မရှိဘူး” ဟု သိမ်ဇရပ် တိုက်နယ်တွင် နှစ်ပေါင်း ၃၀ ခန့် နေထိုင်ခဲ့သူ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ကမ်းပါးပြိုမှုကြောင့် အိမ်ခြေများ ပျက်စီးမျောပါသွားမှုနှင့် ကြုံတွေ့ခဲ့ရသူများသည် လူသွားလမ်းများ၏ လမ်းဘေး ဝဲယာများ၊ တခြားသူများ၏ နေအိမ်ခြံဝန်း ဘေးများတွင် ယာယီတဲများ ထိုး၍ မိမိအစီအစဉ်ဖြင့်မိမိ နေထိုင်နေရကြောင်း သိရှိရသည်။

သိမ်ဇရပ်တိုက်နယ် ၊ ဆိပ်ကမ်းသာ ရပ်ကွက် စစ်တောင်းမြစ် ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ယခုလို ပြိုပျက်ကာ နေအိမ်များ ရွေ့ပြောင်း ဆုတ်ခွါပေးနေရသည် ဟု ကိုနေမျိုးဇင်၏ Facebook တွင် ရေးထားသည်။
အဆိုပါ ကမ်းပါးပြိုမှုကြောင့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းများက ယမန်နေ့ကအထိ မည်သည့် ကူညီထောက်ပံ့မှု၊ ကယ်ဆယ်မှုများ မပြုလုပ်ပေးသေးကြောင်း ဒေသခံများက ဆိုသည်။

“မနေ့က အဲဒီရပ်ကွက်က ရာအိမ်မှူးနဲ့ တွေ့ခဲ့သေးတယ်။ ဒါတွေကို အထက်ကို မတင်ပြဘူးလားလို့ မေးတော့ တင်ပြတယ်တဲ့ အဲဒီတော့ တိုင်းမှူးလား၊ ဒုတိုင်းမှူးလား မသိလား လာကြည့်တယ်တဲ့။ ဒါပေမယ့် ဘာမှ ညွှန်ကြားတာတွေ မလုပ်ဘဲ ပြန်သွားတယ်လို့ ပြောတယ်” ဟု ကိုနေမျိုးဇင်က ပြောသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ အစိုးရအာဏာပိုင်များ၏ ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်သိတတ်မှုများ အားနည်းနေ ခြင်းကြောင့်သာ ယခုကဲ့သို့ လျစ်လျှူရှုထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ကျနော်တို့ အဖွဲ့အစည်းကတော့ ပြန်လည် ကယ်ဆယ် နေရာချပေးဖို့အတွက် သက်ဆိုင်ရာကို တွန်းအားပေးတာတွေ အဓိကလုပ်နေတယ်။ တာဝန်ရှိသူတွေ နေရာချပေးမှလည်း ဒေသခံတွေက ဘယ်နေရာမှာ နေခွင့်ရတယ်ဆိုပြီး သတ်သတ် မှတ်မှတ်နဲ့ တရားဝင် နေခွင့်ရမှာလေ” ဟု ကိုနေမျိုးဇင်က ဆိုသည်။

မြေပြိုမှုများ မဖြစ်ပေါ်မီ မြစ်ကမ်းနားမှစ၍ နေအိမ်များရှိသည့် နေရာများအထိ ပက်ကြားအက်များ ဖြစ်ပေါ်လာပြီး ၅ တောင် မှ ၁၀ တောင်အထိ မြေများနိမ့်ဆင်းလာခဲ့ကြောင်း သိရသည်။

“မြေတွေ အိပြီး နိမ့်ဆင်းလာပြီဆိုရင် အဲဒီနားက အိမ်တွေကို ဖြို၊ ပြီးရင် ထွက်ပြေး၊ ပြီးရင် တနေရာရာမှာ ထိုင်စောင့်နေ၊ ပြိုဦးမလား၊ ထပ်ပြိုနိုင်တဲ့ အနေအထားရှိနေသေးရင် အဲဒီနားက အိမ်တွေကို ထပ်ဖြို အဲဒီလိုတွေ လုပ်နေကြရတယ်” ဟု ဒေသခံတဦးက ဆိုသည်။

ကမ်းပါးပြိုမှုကြောင့် စစ်တောင်းမြစ် ကမ်းနားမှ နေအိမ်များရှိသည့် မြေနေရာများအထိ ကိုက် ၂၀ ခန့်ရှိသော မြေများ မျောပါသွားခဲ့သည်ဟု အဆိုပါ ကမ်းပါးပြိုသည့် နေရာအား သွားရောက်လေ့လာခဲ့သော မြန်မာ့လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်မှ ဦးသက်နိုင်က ပြောသည်။

“ဒီမှာနေတာ နှစ်ပေါင်း ၇၀ ကျော် ရှိပြီ။ ဒီလိုဖြစ်ရပ်မျိုး တခါမှမကြုံဖူးဘူး။ အခုဟာက တရက်ကို ၉ တောင်၊ ၉တောင်နဲ့ အိကျ ပြီး မျောသွားတာ” ဟု အသက် ၇၀ ကျော် အရွယ်ရှိ ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

မြေပြိုသွားသည့်အတွက် နေအိမ်များအပြင် အများပြည်သူပိုင် အဆောက်အအုံတခု ဖြစ်သော အမက (မူလွန်) ဆိပ်ကမ်းသာ ပညာသင်ကျောင်းနှင့် အိမ်ကြီးအိမ်ကောင်းများလည်း ပါသွားကြောင်း သိရှိရသည်။

ထိုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက် ၂ ခုသည် ရပ်ကွက်ကြီးများဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ခန့် ရှိသည့် အနက် အိမ်ခြေ ၁၇၀ ခန့် မျောပါသွားခဲ့ခြင်းဖြစ်ကာ ထိုသို့ဖြစ်ခြင်းသည် ရပ်ကွက် ၂ ခုလုံး၌ တပြိုက်နက်တည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“ဒေသခံတွေက ညဘက်တွေမှာ ဆိုရင် အလှည့်ကျ ကင်းစောင့်တာတွေ လုပ်နေကြရတယ်။ စဖြစ်ဖြစ်ချင်း နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ ရပ်ကွက်ရာအိမ်မှူး ၅ ဦး၊ ကြက်ခြေနီ ၅ ဦး၊ အရန်မီးသတ် ၁၀ ဦး၊ သိမ်ဇရပ် ပရဟိတ လူငယ် ၁၀ ဦးတို့ကပဲ လုပ်အားပေး နေကြတယ်” ဟု ဦးသက်နိုင်က ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးနှင့် မီးရထားအဖွဲ့များသည် သိမ်ဇရပ် တိုက်နယ်မြို့နယ်သို့ ဆင်းသွားခဲ့ပြီး မီးရထားလမ်းဘေးတွင် အိမ်ခြေ ၄၀ အတွက် အကွက်ရိုက်၍ နေရာချပေးကြောင်း မွန်ပြည်နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

“မွန်ပြည်နယ်ဝန်ကြီးနဲ့ အဖွဲ့ ဒီနေ့မနက်ပဲ ဆင်းလာတယ်။ ပြီးတော့ မီးရထားလမ်းဘေးမှာ အကွက်ရိုက်ပြီး ပျက်စီးသွားတဲ့ အိမ်ခြေ ၄၀ အတွက် မဲစနစ်နဲ့ နေရာချပေးနေတယ်” ဟု သိမ်ဇရပ် ပရဟိတလူငယ် အဖွဲ့မှ ကိုထင်လင်းကျော်က ဆိုသည်။

ကမ်းပါးပြိုမှုကြောင့် အိမ်ပေါင်း ၄၀ မျောပါသွားပြီး ဆက်လက်ပျက်စီး မျောပါသွားနိုင်သည့် အတွက် အန္တရာယ်ရှိသည့် နေရာများတွင် တည်ရှိသည့် အိမ် စုစုပေါင်းမှာ ၁၇၀ ခန့် အထိ ရှိသော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးက ပျက်စီး မျောပါသွားသည့် အိမ်ခြေ ၄၀ ကိုသာ အတည်ပြု၍ ပြန်လည်နေရာ ချထားပေးခဲ့ကြောင်း သိရသည်။

No comments: