Tuesday, March 22, 2011

(၅၅)နှင့်(၅၄)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ပထမဆုရ ဒုံးအက

Sunday, March 20, 2011
(၅၅)နှင့်(၅၄)ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ပထမဆုရ ဒုံးအက

သိပြီးကြတဲ့အတိုင်း (၅၅)ကြိမ်မြောက်၊ ကရင်ပြည်နယ်နေ့ နိုဝင်ဘာ(၇)ရက်နေ့ကို
နအဖစစ်အစိုးရက ရွေးကောက်ပွဲနေ့အဖြစ် ကျင်းပခဲ့ကြပါတယ်။
တောင်ကလေးဆရာတော် ဦးပညာသာမိနဲ့ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့
ပုဂ္ဂိုလ်တစ်ချို့က ကရင်ပြည်နယ်နေ့ အခမ်းအနားလုပ်ဖို့ မရှိရင်တောင် ကရင့်ရိုးရာ
ဒုံးအကပြိုင်ပွဲတော့ရှိရမယ်ဆိုပြီး ကြိုးစားအားထုတ်ခဲ့ကြလို့ နိုဝင်ဘာ(၉)ရက်နေ့သို့
ရွှေ့ဆိုင်းကျင်းပခဲ့ကြပါတယ်။

၂၀၁၀၊ နိုဝင်ဘာ(၉)ရက်နေ့မှာ စတင်ကျင်းပခဲ့တဲ့ ဒုံးအက ပြိုင်ပွဲဟာ ခါတိုင်းနှစ်ထက်
ဒုံးအဖွဲ့အရေအတွက်နည်းပြီး ဂယက်ရိုက်ခတ်မှုတွေလည်းရှိခဲ့ပါတယ်။

ကရင်ပြည်နယ်နေ့ ကရင့်ရိုးရာဒုံးအကပြိုင်ပွဲဟာ ကြီးကျယ်ခမ်းနားသလို ပြိုင်ပွဲမရောက်ခင်
(၂)လအလိုလောက်မှာ စတင်သင်ကြားရတဲ့အတွက် ကုန်ကျစားရိတ်တွေကလည်း
မနည်းလှပါဘူး။ ဒါကို ကျေးနယ်၊ ကျေးရွာအုပ်စုအလိုက် ကိုယ်ထူကိုယ်ထ လုပ်ကြရပါတယ်။

လက်ရှိအစိုးရရဲ့ အထောက်အပံ့တွေ ဘာမှမရှိပေမဲ့ လိုအပ်ရင် ဒါဟာ မြန်မာ့ရိုးရာ
ယဉ်ကျေးမှုပါဆိုပြီး ကြွားဝါတတ်ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ကရင့်မျိုးချစ်ပုဂ္ဂိုလ်တွေက မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ
မပျောက်ပျက်ရလေအောင် ထိန်းသိမ်းမြဲ ဖေါ်ထုတ်ဆန်းသစ်နေဆဲပါပဲ။

မျက်မှောက်ခေတ် ကျွန်ုပ်တို့ ရိုးရာဒုံးအကဟာ ရှေးဟောင်းရိုးရာကကြိုးကဟန်ကို
အခြေခံပြီး ခေတ်နှင့်အညီ ဆန်းသစ်တီထွင် ကလာကြတာကို အမှတ်ပေးဒိုင်လူကြီး
တွေနဲ့အတူ ကရင်အမျိုးသားတစ်ရပ်လုံးကလည်း လက်ခံအားပေးလာကြတာကို
တွေ့ရပါတယ်။
ယမန်နှစ်က (၅၄)ကြိမ်မြောက်၊ ဒုံးနည်းပြဆရာ စဘင်ဂျင်ဦး ဆန်းသစ်သင်ကြားခဲ့တဲ့
မြ၀တီမြို့နယ် ဒုံးအဖွဲ့ရဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကဟန်ကို ကြည့်လို့မ၀နိုင်လောက်အောင်
အလွန့်အလွန် ကောင်းခဲ့ပါတယ်။

ဒီနှစ်(၅၅)ကြိမ်မြောက်မှာ ပထမဆုရခဲ့တဲ့ လှာကမြင်ကျေးရွာအုပ်စု၊ တနည်းအားဖြင့်
ကရင့်ပညာရွာ(တောင်ကလေး) ဒုံးအဖွဲ့နဲ့ စပ်လျဉ်းတဲ့အကြောင်းမပြောခင်မှာ
ကရင့်ရိုးရာဒုံးအကပြိုင်ပွဲနဲ့ ကြုံတွေ့ရတတ်တဲ့ ပြသနာတစ်ခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ တဖွဲ့နဲ့ တဖွဲ့ကို ပြိုင်ဆိုင်ရာမှာ ဆေးမှန်း၊ကွမ်းမှန်း အောက်လမ်းနည်းနဲ့
ပြိုင်ဆိုင်တယ်ဆိုပြီး ယုံကြည်ကြတာပဲဖြစ်တယ်။

အများအားဖြင့် နှစ်တိုင်းလိုလိုမှာ ဒုံးသူတွေမှာခံကြရပြီး စင်ပေါ်တက်ခါနီး မူးလဲသွားတတ်ခြင်း၊
ငိုယိုခြင်းများ တစ်ဖွဲ့မဟုတ်ရင်တစ်ဖွဲ့ ဖြစ်တတ်ပါတယ်။
ဒါကို မှန်းဆေးမိတယ်ဆိုပြီး ယေဘုယျ ယုံကြည်ကြပါတယ်။

ဒီနှစ်မှာတော့ တောင်ကလေးဒုံးအဖွဲ့မှ ကနေရင်းအမျိုးသားတစ်ယောက်လဲကျသွားပါတယ်။
ခါတိုင်းနှစ်တွေမှာ ဒုံးတဖွဲ့ (၃၂)ယောက် အပြီးထိ မကနိုင်ရင် ပထမဆုမပြောနဲ့၊ နှစ်သိမ့်ဆု
တောင် ရဖို့ မလွယ်ပါဘူး။
ဒီနှစ်မှာတော့ ဒုံးအဖွဲ့နည်းတာကတစ်ကြောင်း၊ တောင်ကလေးအဖွဲ့ဟာ တယောက်လှဲနေပေမဲ့
ဆက်လက်ပြီး ဟန်မပျက် မြိုင်မြိုင်ဆိုင်ဆိုင် ကနိုင်ကတစ်ကြောင်း၊ ဒုံးပြိုင်ပွဲဖြစ်မြောက်ဖို့
အခက်အခဲကြားကနေ အားထုတ်ကြိုးစားခဲ့တဲ့ လှာကမြင်က မျိုးချစ်ပဂ္ဂိုလ်တွေကြောင့်
့် အမှတ်ပေးဒိုင်လူကြီးတွေက ပထမဆု ပေးခဲ့တယ်လို့ ယူဆရပါတယ်။
ဒီဒုံးကိုတော့ ဒုံးဆရာ စောမြင့်သူက ကိုင်တွယ်သင်ကြားပေးတာဖြစ်ပါတယ်။

ဒုံးသူဒုံးသားတွေဟာ သင်ကြားချိန် တစ်လနှစ်လတာမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေး၀၀
မအိပ်ခဲ့ရ၍ သွေးအားနည်းခြင်း၊ စင်ပေါ်မှာ တခုခုလွဲမှားမှာ စိုးရိမ်ကြောင့်ကြလွန်ခြင်း၊
စတဲ့ အကြောင်းအမျိုးမျိုးကြောင့်လည်း အခုလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ရတတ်တယ်လို့
ယူဆလည်း ယူဆနိုင်ပါတယ်။

အောက်မှာ ဒီနှစ်ပထမဆုရတဲ့ လှာကမြင်(တောင်ကလေး)ဒုံးနဲ့ ယမန်နှစ်က ပထမဆုရခဲ့တဲ့
မြ၀တီမြို့နယ်ဒုံး ကကွက်တစ်ချို့ကို ဒွန်တွဲ ပြသပေးလိုက်ပါတယ်။

No comments: