Wednesday, March 23, 2011

ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာ စစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်

ပင်လယ်ရေထဲမှာ ရေဒီယို ဓာတ်သတ္တိကြွတဲ့အရာ စစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်


မတ်လ ၂၂ ရက် ၂၂း၄၃ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖို ပြင်ပနေရာမှာ လျှပ်စစ်မီး အလင်းရောင်ရပြီလို့ တိုကျို လျှပ်စစ်ဓာတ်အားကုမ္ပဏီ TEPCO က ထုတ်ပြန် ကြေညာပါတယ်။ ၁၂ ရက်တာ ကာလအတွင်း ဓာတ်ပေါင်းဖို အနီးပတ်ဝန်းကျင်မှာ လျှပ်စစ်မီးပြန်လင်းလာတာပါ။ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အမှတ် ၁ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွင်းမှာရှိတဲ့ ဓာတ်ပေါင်းဖို ၆ လုံးစလုံးမှာ လျှပ်စစ် ဓာတ်ကြိုး အားလုံး သွယ်တန်းပြီးသွားပြီလို့ သိရ ပါတယ်။

ညူကလီယား ဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဟီဒေးဟိကို နိရှိယာမာ့ က နေ့ခင်း ဘက်တွင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ လျှပ်စစ်ဓာတ်အားသာပြန်လည်ရရှိပြီဆိုလို့ရှိရင် အခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကို မြင်သာတဲ့အနေအထားကို ရောက်လာပြီလို့ပြောရမယ်လို့ ဆိုပါတယ်။

ဟီဒေးဟိကို နိရှီယာမာ့ က ညူကလီယားလောင်စာတောင့်တွေ အရည်ပျော်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတွေဖြစ်လာနိုင်စရာမရှိတော့ဘူးလို့ ပြောပါတယ်။

အကျပ်အတည်းဖြစ်နေတဲ့ ဓာတ်အားပေးစက်ရုံနားက ပင်လယ်ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့အရာ တွေကိုစစ်ဆေးတွေ့ရှိရတယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ ဓာတ်အားပေးစက်ရုံရှိရာ ဖူကူရှီးမားခရိုင် နဲ့အနီးပတ်ဝန်းကျင်က တခြားခရိုင် ၅ ခု မှာ ဟိုးရင်းဆို(မုံညင်းရွက်အနုစား)နဲ့ တခြားဟင်းသီးဟင်းရွက် တွေကို တင်ပို့ရောင်းချတာမျိုးမလုပ်ရဘူးလို့ပိတ်ပင်လိုက်ပါတယ်။ အဲဒီဟင်းရွက်တွေမှာ ရေဒီယိုဓာတ် သတ္တိကြွတဲ့အရာတွေပါဝင်မှုဟာ တရားဝင်သတ်မှတ်ခွင့်ပြုနိုင်တဲ့ပမာဏထက်ကျော်လွန်နေတဲ့အတွက် လို့ ဆိုပါတယ်။ TEPCO ရဲ့ အရာရှိတဦးက အဲဒီလိုတင်ပို့ရောင်းချနိုင်တာတွေမလုပ်နိုင်တဲ့အတွက် လျော်ကြေးပေးမယ်လို့ အရိပ်အမြွက် ပြောဆိုပါတယ်။

TEPCO က ပင်လယ်ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့အရာစစ်ဆေးတွေ့ရှိတာဟာ ပထမဦးဆုံးဖြစ်ပြီး ဒါဟာ ညူကလီယားယိုစိမ့်မှုကြောင့် ယုံကြည်ရတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်တဦးက အန္တရာယ်မဖြစ်နိုင်ဘူးလို့ အဲန်အိပ်ခ်ျကေ ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။ ဒီလိုမျိုးညူကလီယား အကျပ်အတည်း ဖြစ်ရတာအတွက် ဓာတ်အားပေးစက်ရုံအနီးမှာနေထိုင်ကြတဲ့သူတွေကို TEPCO က တောင်းပန်ပါတယ်။ ဒါဟာ TEPCO အနေနဲ့ ပြည်သူတွေကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်းပန်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တိုကျိုမှာနေထိုင်နေကြတဲ့ မြန်မာတွေကလည်း မတ်လ ၁၁ ရက် ငလျင်နဲ့ဆူနားမိဘေး အန္တရာယ်ဆိုးကြီးမှာ သေဆုံးသွားတဲ့သူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ပွဲကို ဧပြီလ ၁၀ ရက် တနင်္ဂနွေ နေ့မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။ ဘေးသင့်ခဲ့ရတဲ့သူတွေအတွက် ငွေကြေးလှူဒါန်းမှုတွေ ကိုလည်း လုပ်မှာဖြစ်ပါတယ်။

No comments: