Saturday, June 4, 2011

ကျွန်တော်၏ညီအစ်ကို DKBA ထံသို့ (၄)

ကျွန်တော်၏ညီအစ်ကို DKBA ထံသို့ (၄)

အီးမေးဖြင့်ပေးပို့ လာသော ဆောင်းပါးရှင် ဖူးဒို အား အထူးကျေးဇူးတင်ပါသည်။

ဆောင်းပါး - ဖူးဒို
၂၊ ၆၊ ၂၀၁၁။


နယ်ခြားစောင့်တပ်သို့ပြောင်းလဲပြီးမှ ဆက်လက်မလုပ်လိုသဖြင့် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်ဖြင့်ပူးပေါင်းပြီးမြိုင်ကြီးငူစခန်းကို သိမ်းပိုတ်ခဲ့ပါသည်။ နယ်ခြားစောင့်တပ် မဖွဲ့သည့်ချိန်ထိ DKBA စစ်ဦးစီး ချုပ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကျော်သန်း အပါအ၀င် ခေါင်းဆောင် ၃ ဦး ကိုလည်းဖမ်းဆီးခဲ့ပါတယ်။ ထိုအချိန်တွင် ညှိနှိုင်းလို့မရတဲ့ ဗိုလ်ချုပ်ကျော်သန်းကို ဘာလုပ်ရမည်ကို အဖွဲ့အသီးသီး ကခေါင်းခြင်းရိုက် ဆွေးနွေးကြပါ သည်။ DKBA ကလည်း ခေါင်းဆောင် ဗိုလ်မှုးချုပ်နှုတ်ခမ်းမွှေးဆီသို့၎င်း၊ ပူးပေါင်းတပ်တွင်ပါဝင်သော KNLA က လည်း မိမိဌာနချုပ်အသီးသီးသို့၎င်း ဆက်သွယ်ပြီး အမိန့်တောင်းပါသည်။ ခေါင်းဆောင်များက မည်ကဲ့သို့အမိန့် ပေးလိုက်သည်ကို ကျနော်မသိလိုက်သော်လည်း နောက်နေ့တွင် ဗိုလ်ကျော်သန်း ထွက်ပြေးလွှတ်မြှောက်သွား ကြောင်း သိလိုက်ရပါသည်။ စိတ်ထဲမှာတော့ သူမသာ ကိုယ်မနာ ( Win win situation) လို့မြင်မိပါသည်။ နိုဝင်ဘာလ မြ၀တီတိုက်ပွဲတွင် ဖမ်းမိသော နအဖ တပ်မှ အရာရှိအပါအ၀င် ရဲဘော် ၆ ဦးကို တိုက်ပွဲကာလ ဖြစ်နေသော်လည်း သတ်ဖြတ်ခြင်းမပြုဘဲ လက်နက်သိမ်းကာ အိမ်ခန်းတစ်ခုထဲတွင် သော့ပိတ်ထားခဲ့သော ဗိုလ်နှုတ်ခမ်းမွှေးရဲဘော်များရဲ့စိတ်ဓါတ်၊ နအဖ စစ်ဗိုလ် သက်နိုင်ဝင်း ကို KNLA တပ်ရင်းမှုးတစ်ဦးက ဗွီဒီယို မှတ်တမ်းဖြင့် အင်တာဗျုးလုပ်ပြီးပြန်လွှတ်ပေးခဲ့သည်များကို ပြန်ကြည့်သော် ဖမ်းမိသော် ရန်သူများကိုပင် သတ်ဖြတ်ခြင်စိတ်မရှိသော် ကရင်ရဲဘော်များ၏ စိတ်ဓါတ်များကို လေးစားမိပါသည်။

အင်အား ၅၀၀ ကျော်ရှိသောအဖွဲ့မှ ဗိုလ်ချုပ်ကျော်သန်း လွှတ်မြှောက်ခြင်းသည်လည်း အဘယ်ကြောင့်နည်း ဆိုပြီး ကျနော်မေးခွန်းထုတ်စရာမလိုတော့ပါ။ သို့သော်လည်း ဗိုလ်ကျော်သန်း တစ်ယောက် နားလည်တတ်မ တတ် စောင့်ကြည့်ရန်လိုပါသည်။ ၄င်းကိစ္စနှင့်ပတ်သက်ပြီး နယ်ခြားစောင့်တပ်မှုး တစ်ဦးက ပြောသည်မှာ-

“နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊”
BGF နှင့် DKBA တူသည်ဟု ပြောသော်လည်း ကျနော့်အမြင်မှာ လုံးဝမတူကြောင်းနားလည်မိပါသည်။ အဘယ့် ကြောင့်ဆိုသော် BGF သည် ဗမာစစ်အစိုးရတပ် (ကရင်လူမျိုးကို နှိပ်စက်နေသောအာဏာရှင်စစ်တပ်) ၏အုပ် ချုပ်မှု့နှင့် အမိန့်ပေးစေခိုင်းမှု့အောက်မှာရှိသောကြောင့်ဖြစ်သည်။

ယခုချိန်တွင် စစ်အစိုးရတပ်မှ လေသံလျှော့လျှက် လာရောက်ညှိနိုင်း နိုင်ပါသည်။ လေသံပျော့နှင့် လာသည်ကို တိုင်းရင်းသားညီအစ်ကိုများ ကိုချစ်သောစိတ်ဆိုပြီး တလွှဲမထင်ရန် ကျနော်၏ညီအစ်ကို DKBA များကို ပြောခြင် ပါသည်။ လေသံပျော့ခြင်းသည် ချစ်လို့မဟုတ်သလို စိတ်ထားကောင်းခြင်းကြောင့် မဟုတ်ပါ။ သေချာအောင် ထပ်ပြောခြင်သည်။ လေသံပျော့ခြင်းသည် စိတ်ထားကောင်းကြောင်း လုံးဝ မဟုတ်ပါ။ လက်ရှိဗမာစစ်အစိုးရ တပ်သည် အမဲမလိုက်နိုင်သော ကျားအို တစ်ကောင်နှင့်တူနေပါသည်။ BGF လုပ်ရန် ညင်းဆိုခဲ့သော ၀ နှင့် ကချင်တပ် ကို ပေးထားသည့် နအဖ၏ ရာဇသံမျိုးစုံ ကို ပြန်သတိရသင့်ပါသည်။ ရာဇသံမျိုးစုံ ( အပေါ်သံ/ အောက်သံ) ပေးထားသော်လည်း ခုထက်ထိ မတိုက်နိုင်သေးပါ။ နအဖ ၏နှာနု ကိုဖြတ်ကန်ခဲ့သော ဗိုလ်နှုတ်ခမ်းမွှေး အား ၄ လဆက်တိုက် စစ်ဆင်ခဲ့သော နအဖ သည် ကျားအိုမှ ကျားနာဘ၀ သို့ရောက်ခဲ့ပါပြီ။ ဒိပြင် အတွင်းရေးပြသာနာ၊ နိုင်ငံရေးပြသာနာ၊ ငွေရေးကြေးရေးပြသာနာများ သည် အမဲမလိုက်နိုင်သော ကျားနာ တစ်ကောင်လိုဖြစ်နေပါပြီ။ သို့သော် ကျားဆိုသော်သတ္တ၀ါသည် သက်သပ်လွှတ်မစား၊ သူစားစရာ သားကောင် ငယ်များကို ရှာစားပြီး အသက်ဆက်ရမည်ဖြစ်သည်။

ဤအခြေအနေတွင် စကားချိုသော် ကျားအိုကို ယုံစားပါက ငါးပါးမက ခြောက်ပါး မှောက်ပါလိမ့်မည်။ ဗိုလ်ကျော် သန်း ဘားအံသို့ထွက်ပြေးသွားပြီး မြိုင်ကြီးငူ ကိုပြန်လည်သိမ်းပိုက်ရန် စစ်အစိုးရတပ် ကို အကူညီတောင်းသော အခါ ကျားအိုကြီးက “ မင်းတို့ BGF နှင့် DKBA တွေအတူတူပါဘဲ။ မြိုင်ကြီးငူ မှာနေရင် DKBA ၀တ်စုံ ၀တ်ပေါ့။ အပြင်ထွက်လာရင် BGF ၀တ်စုံပြန်ဝတ်ပေါ့”။ ဤစကား ကို စစ်မဟာဗျုဟာမျက်လုံးဖြင့် ခွဲခြမ်းစိတ်ဖြာ နားလည် တတ်ရန်အရေးကြီးကြောင်း ကျနော်၏ညီအစ်ကို DKBA များကို သတိပေးလိုပါသည်။ အဆိပ်ရောထားသည့် ပျားရည်သည် အ၀င်ချိုသော်လည်း နောက်ဆက်တွဲ ရလဒ် ကို ကုစားဖို့ အချိန်မရနိုင်ကြောင်း ညီအစ်ကို များကို ထပ်ပြောလိုပါသည်။

ဗိုလ်ချုပ်ကျော်သန်းအနေနှင့်လည်း နားလည်ချိန်တန်ပါပြီ။ DKBA လက်နက်ကိုင်တပ်ကို BGF ဖြင့် ၀ါးမျိုနေ သောဗမာစစ်အစိုးရ၏ ဗျုဟာသည် DKBA ကိုလုံးဝဖျောက်ဖျက်နေခြင်းဖြစ်ပါသည်။ BGF ဖွဲ့စည်းပုံ နှင့် လုပ်ပိုင် ခွင့်သည် ယခုချိန်ထိ ကရင်အမျိုးသားများကို အကျိုးတစ်စုံတရာမပြနိုင်သေးပါ။ ဒိပြင် နိုဝင် ဘာ မြ၀တီ တိုက်ပွဲတွင် DKBA တပ်များရရှိလိုက်သော ပြည်သူများ၏လေးစားမှု့၊ အားပေးထောက်ခံခြင်းသည် တန်ဖိုးဖြတ်၍ မရသလို ပြည်သူများ၏သဘော ထား ကိုထင်ရှားစွာတွေ့နိုင်ပါသည်။ BGF မလုပ်ခြင်သဖြင့် ရွာပြန်နေသောတပ်သားများ၊ KNU နှင့်ပြန်လာပူးပေါင်းသော တပ်သားများကို ကြည့်ခြင်းဖြင့် ဗိုလ်ကျော်သန်းတို့ ရွေးချယ်ထားသောလမ်း မှန်မမှန် နားလည်သင့်ပါပြီ။


BGF ၀တ်စုံ ၀တ်ခဲ့သော် ညီအစ်ကိုများကို တိုက်တွန်းလိုသည်မှာ အမျိုးသားရေး နှင့်ပတ်သက်ပြီး အမျိုးသား ရေးဦးတည်ချက်၊ နိုင်ငံရေးဦးတည်ချက်များ ချမှတ်ပြီး စစ်အစိုးရတပ်ဆီ မှာတောင်းဆိုနိုင်ရမည်။ တောင်းဆို ၍
မရပါက BGF ၀တ်စုံမ၀တ်သင့်ပါ။ ရည်မှန်းချက် ဦးတည်ချက်မရှိသော အဖွဲ့အစည်းသည် အချည်း အ နှီး ပင်ဖြစ်သည်။ ထို့ပြင် BGF ကိုလုံးဝမလက်ခံသော အခြားအဖွဲ့များ ကိုလည်း အဆက်မပြတ်လေ့လာထားသင့် ပါသည်။ ဗမာစစ်အစိုးရမှ ညှိနိုင်းမှု့ပြန်လာလုပ်လျှင်လည်း ၁၉၉၄ တွင်ပေးခဲ့သော နအဖ ၏ကတိများကို ပြန်လည်တောင်းဆိုနိုင်ရမည်။ ၁၉၉၄ တွင် ဗမာစစ်အစိုးရပေးခဲ့သော ကတိများစွာထဲမှ တစ်ခုမှာ-

“မင်းတို့တွေ ပြန်လာပြီးရင် ကရင်ပြည်နယ်အုပ်ချုပ်ခွင့်ပေးမယ်။ ငါတို့တပ်တွေလည်း ကရင်ပြည်နယ်မှာ မထားတော့ဘူး”

KNU နှင့်ငြိမ်းချမ်းရေး ပြုလုပ်ရန် ဒေါက်တာစိုင်းမွန်သာ အား နအဖ ပေးခဲ့သည့် မက်လုံးတစ်ခုမှာ-

“ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ်ဖွဲ့စည်းသောအချိန်တွင် ကရင်ပြည်နယ် ၀န်းကြီးချုပ်ခန့်ထားမည်”

ဟု ပြောခဲ့သော်လည်း ယခုချိန်တွင် ဒေါက်တာစိုင်းမွန်သာ မြောင်းထဲရောက်နေတဲ့အခြေအနေကို မြင်နေရပါပြီ။ ထို့ကြောင့် ချစ်သော ညီအစ်ကိုများ ဒေါက်တာစိုင်းမွန်သာ နှင့်အတူ မြောင်းထဲဆင်းမလိုက်ကြရန် သတိပေးလိုပါသည်။

သမ္မတ သိန်းစိန် တရုတ်ပြည်မှ အပြန်တွင် စီမံကိန်းများအတွက် ဒေါ်လာ ၅၇၄ သန်းရရှိခဲ့သဖြင့် တစ်ပွဲထိုး အသက်ဆက်နိုင်ပါသည်။ ၄င်းငွေများရောက်ရှိလာသောအခါ တစ်ချို့ ကို ယူသုံးပြီးစစ်ဆင်ရေး ပြုလုပ်နိုင်ပါ သည်။ သို့သော်လည်း ရှမ်း၊ ကချင်၊ ၀၊ ကရင်နီ နှင့် ကရင်လက်နှက်ကိုင်များကို အားလုံးတိုက်နိုင်သည့် အခြေအနေ မရှိပါ။ တိုက်လျှင်လည်း ကြာကြာ မတိုက်နိုင်ကြောင်း ခန့်မှန်းနိုင်ပါသည်။

အင်အားချည့်နဲ့နေသော စစ်အစိုးရသည် မသေခင်ထိ ကလိမ်ကကျစ်လုပ်တတ်ကြောင်း သမိုင်းသက်သေရှိခဲ့ ပါသည်။ ကရင်တော်လှန်ရေး စခါစ အင်းစိန်တိုက်ပွဲတွင် ရန်ကုန်ကျခါနီး၌ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဦးနု က စတင်ပြောခဲ့ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးနုဖက်မှ အချိန်ဆွဲ ဆွေးနွေးစဉ် စစ်ကူများဝင်လာနိုင်ပြီး ကျရှုံးခါ နီးသော မြန်မာအစိုးရတပ်သည် အသက်ဆက်နိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိုရပ်စဲပြီး ကရင်တော် လှန်ရေးတပ်ကို ပြန်တိုက်နိုင်ခဲ့သည့် သမိုင်းသင်္ခန်းစာ များကို သတိရစေချင်ပါသည်။

ယခုချိန်တွင်ကျည်းထဲကျပ်ထဲရောက်နေသော ဗိုလ်သန်းရွှေလည်း ဥာဏ်နီဥာဏ်နက် ထုတ်လျှက် ကြိုးစားအ သက်ဆက်နေပါသည်။ ထို့ကြောင့် သူရွှေ့မည့်ကျားကွက်များ ကိုကြိုမြင်တတ်ရန် အရေးကြီးသလို သူတို့၏ အကျဉ်းအကျပ်ပေါ်တွင် နိုင်ငံရေး နှင့် စစ်ရေး ပူးတွဲကစားနိုင်ဖို့လိုပါသည်။ ဗမာစစ်အစိုးရ၏ အသက်ဆက် စစ်ဗျုဟာတစ်ခုမှာ- ပြည်သူနှင့်တိုင်းရင်းလက်နက်ကိုင်များကိုရန်တိုက်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အခြင်းခြင်းရန်တိုက်ပေးခြင်း၊ လူမျိုးရေးအဓိကရုန်း၊ ဘာသာရေးအဓိကရုန်းများ ဖန်တီးခြင်းအပြင် လက်ရှိလုပ် နိုင်သော ရန်ပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင် များကို၇န်တိုက်ပေးနိုင်ပါ သည်။ နောက်လဇွန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နယ်ခရီးထွက်ရန်ကြေညာထားသဖြင့် ကလိမ်က ကျစ်ကျနိုင်သော ဗမာစစ်အစိုးရ၏ ခြေလှမ်းများကို ကြိုတင်ကာကွယ်နိုင်ရန်အရေးကြီးပါသည်။

ကမ္ဘာ့နိုင်ငံရေးတွင်လည်း အာဏာရှင်များတစ်ဦးပြီးတစ်ဦးကျဆုံးနေသလို နိုင်ငံတကာတရားရုံးတွင် ခုံရုံးတင် ခံနေရသော် ဆာဘီးယားမှ ဗိုလ်ချုပ်ကြီးဟောင်း၊ ကမ္ဘောဒီယားမှ အာဏာရှင်ပေါလ်ပေါ့ ၏နောက်လိုက်များ၊ ကျဆုံးခါနီး ကဒါဖီ၊ စသည်တို့သည် ဗိုလ်သန်းရွှေ ကိုများစွာခြောက်ခြားနေသလို အာဏာရှင်နောက်လိုက်များ ကိုလည်းသင်္ခန်းစာပေးနေပါပြီ။

ညီအစ်ကိုတော်များမှန်ကန်သောရွေးချယ်မှု့တွင်ခိုင်မြဲစွာရပ်တည်နိုင်ပါစေ။

ဖူးဒို

ဇွန်လ ၂ရက်၊ ၂၀၁၁
www.karenunited.com

1 comment:

saw min htay said...

မှန်ကန်သောသတိပေးသစ္စာစကားမို့ DKBA နဲ့ BGF များရှေးဆက်မမှားဖို့ အချိန်တန်ပြီ။