Tuesday, July 5, 2011

ကချင်နှင့် သျှမ်းတပ် ပူးပေါင်းတိုက်ခိုက်၊ ပြည်သူ့စစ် (၆) ဦး ကျဟုဆို

5 July 2011

သျှမ်းသံတော်ဆင့်


ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA ၊သျှမ်းပြည် တပ်မတော် SSA ပူးပေါင်းတပ်များနှင့် မြန်မာစစ်တပ် ကျောထောက် နောက်ခံပြုထားသော ပြည်သူ့စစ် အဖွဲ့တို့ ယခုလ ၂ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးမြို့နယ်ခွဲဒေသ အတွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


၎င်းတိုက်ပွဲတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ပူးပေါင်းအဖွဲ့မှ လက်နက်ငယ်တစ်လက်သိမ်းဆည်းရ မိကြောင်း သျှမ်းတပ်နှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဒီဒေသမှာ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံတပ်တွေနဲ့ SSA တပ်တွေ ပူးတွဲစစ်ကြောင်းလှည့်တာ တွေ ရှိတယ် တနေ့ကတော့ မုံးဝီးဒေသမှာ ပြည်သူ့စစ်နဲ့တိုက်ပွဲဖြစ်တယ် ပြည်သူ့စစ်တစ်ယောက်သေပြီး သေနတ်တစ်လက်ရတာပေါ့ ” ဟု သူက ဆိုသည် ။


ထိပ်တိုင်ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး ၎င်းနေ့တစ်နေ့တည်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပြည်သူ့စစ် အဖွဲ့ဝင် ၅ ဦးခန့် ထပ်မံ သေဆုံးကြောင်း လက်နက်ငယ် ၅ လက်ရရှိကြောင်း သူက ဆက်ပြောသည် ။


“မုံးဝီးဒေသမှာပဲ တစ်ရက်တည်း ၂ ကြိမ်ဖြစ်တယ် နောက်တစ်ပွဲ ကေအိုင်အေနဲ့ဖြစ်တာ အဲဒီမှာ ပြည်သူ့စစ် ၅ ယောက်ကျ တယ် လက်နက်ငယ် ၅ လက်ထပ်ရတယ် အားလုံး သေနတ် ၆ လက်ရတယ် ” ဟု ဆိုသည် ။


၎င်းဒေသအတွင်း ကချင်နှင့်သျှမ်း လက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်း စစ်ရေးလှုပ်ရှားမှုများ ရှိသော်လည်းအဆိုပါ နှစ်ဖွဲ့နှင့် မြန် မာအစိုးရ လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည် ။

ယခုလ ၂ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က မုံးဝီးမြို့နယ်ခွဲရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရုံးဟောင်း အတွင်း ဗုံးတစ် လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည် ။

လွန်ခဲ့သည့်လ ၃၀ ရက်နေ့ ညနေပိုင်းက ကွတ်ခိုင်ဗျူဟာမှူးယာဉ်တန်းနမ့်ဖတ်ကာဒေသအတွင်းဗုံးခွဲတိုက်ခိုက် ခံခဲ့ ရ သေးသည် ။

ယခုအခါ ကွတ်ခိုင်မြို့နယ် အတွင်း အခြေစိုက်ထားသော ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ အနီးသို့ မြန်မာစစ်ကြောင်းများ ချဉ်းကပ်လာကြောင်း သိရသည် ။

No comments: