Friday, October 28, 2011

မလေးရှားအစိုးရထိန်းသိမ်းခံမြန်မာပြည်သား(၂၂)ယောက် ပြန်ပို့ခံရ


၂၇-၁၀-၂၀၁၁။ ကိုးဒီသွေး



မလေးရှားအစိုးရနှင့် မြန်မာအစိုးရတို့ အကျဉ်းသားလဲလှယ်ရေး သဘောတူခဲ့ပြီးသည့်နောက်
ယမန်နေ့ည (၆)နာရီအချိန်ခန့်တွင် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၂၀)ဦးပါဝင်သော မြန်မာ
ပြည်သားတစ်စုကို ပြန်ပို့ရန် KLIA (Kuala Lumpur International Airport) တွင် တွေ့ရှိရသည်။

ရဲများခြံရံထားသော ၄င်းမြန်မာပြည်သား(၂၂)ယောက်သည် KLIA လေယာဉ်ကွင်းအ၀င်တွင် လက်ထိပ်ကိုယ်စီ ခတ်ထားပြီး လ၀ကဌာနဖြတ်ရန် တန်းစီသည့်အချိန်မှသာ ရဲများက လက်ထိပ်ဖြုတ်ခဲ့ကြောင်းမျက်မြင်သက်သေ တစ်ဦးဖြစ်သူ စောဂျိမ်းက ဆိုပါသည်။

''သူတို့က လက်ထိပ်နဲ့ ၀င်လာတာပါ၊ လ၀ကဌာနရောက်မှ လက်ထိပ်ဖြုတ်ပေးတာကို
တွေ့ရတယ်။လက်ထဲမှာ စာရွက်တစ်ရွက် ကိုယ်စီကိုင်ထားတာလည်းတွေ့ရတယ်။
အပေါ်ကနေ လာရောက်စောင့်ကြိုနေတဲ့ အဖေါ်တစ်ယောက်ကလည်း ဟိုရောက်ရင် အကြိုးအကြောင်းသိရအောင် ဖုန်းပြန်ဆက်နော် ဆိုပြီး အော်ပြောနေတာလည်း
တွေ့ရတယ်"ဟု ၄င်းက ဆိုပါသည်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်ပို့မည့်ထိန်းသိမ်းခံမြန်မာပြည်သားများထဲတွင် ဒုက္ခသည်များမပါဝင်ကြောင်း၊ မြန်မာအစိုးရက ဆက်လက်အရေးယူဖမ်းဆီးမှာ
မဟုတ်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သော်လည်း မလေးရှား NGO အဖွဲ့များကမူ
မြန်မာပြည်တွင် မလေးရှားနိုင်ငံသားအကျဉ်းသားဦးရေ မည်မျှရှိကြောင်း မသိရှိရပဲ
ယခုကဲ့သို့ အကျဉ်းသားဖလှယ်မှုက နည်းလမ်းမကျကြောင်း၊ ပြန်ပို့ခံရသည့် မြန်မာပြည်
သားများကိုလည်း စိုးရိမ်ပူပန်မိကြောင်း ပြန်လည်ချေပခဲ့သည်။

မလေးရှားအစိုးရအနေဖြင့် ယခုကဲ့သို့ ထိန်းသိမ်းခံအကျဉ်းသားများ ပြန်ပို့သည့်အစီအစဉ်ကို သိုသိုသိပ်သိပ် လုပ်ဆောင်နေသောကြောင့် မည်မျှ ပြန်ပို့ပြီးစီးခဲ့ကြောင်းကို မသိရှိရသေးပေ။

No comments: