Sunday, June 26, 2011

မြေထိုးစက်နဲ့ ရွာသားတို့ ရန်ပွဲ

ကရင်ပြည်နယ် မြဝတီမြို့ မြေနီကုန်ရွာမှာ လူနေအိမ်တွေကို ထိုးကော်ဖျက်ဆီးဖို့ ရောက်လာတဲ့ မြေထိုးစက်တစီးနဲ့ မြေနီကုန်းရွာသားတွေ ဇွန်လ ၁၅ ရက်နေ့က ပြဿနာဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

အခင်းဖြစ်ပွားပုံကို မြဝတီမြို့ မြေနီကုန်းရွာက ဒေသခံတဦးကို မေးမြန်ခဲ့ရာ အခုလို ရှင်းပြသွားခဲ့ပါတယ်။

“ဟုတ်တယ် အဲဒီနေ့မနက်က ကျနော်တို့ မြေနီးကုန်းရွာထဲကို မြေထိုးတဲ့ ဘူဒိုဇာ တစီးဝင်လာပြီး အိမ်တွေကိုထိုးဖို့ လုပ်နေတယ်။ ဘာမပြောညာမပြောနဲ့ လာလုပ်လို့ ရွာသားတွေလည်း ဒေါသထွက်တာပေါ့။ ဒုတ် ဓါးတွေ ဆွဲပြီး တ အိမ် တယောက်ထွက်ကြတယ်။ အဲဒီ မြေထိုးစက်မောင်းတဲ့ လူကို ဝိုင်းရိုက်ကြတယ်။ ကားမောင်းတဲ့ သူကို ဘယ်သူ လုပ် ခိုင်းတာလဲ မေးကြည့်တော့ မြဝတီက သူဋ္ဌေးမကြီး ဒေါ်သင်းသင်းမြတ် လာလုပ်ခိုင်းလို့ လုပ်တာဖြစ်တယ်လို့ ပြောတယ်။ အခု ကျနော်တို့ နေတဲ့နေရာက သူပိုင်တယ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဗိုလ်မှူးကြီး စောခင်စိုး ပိုင်တယ်။ အဲဒီ ဗိုလ်ကြီးက အခု ဒေါ်သင်းသင်းမြတ် ကို လွှဲခဲ့တာလို့လည်း ပြောတယ်။ ကျနော်တို့ နေလာတာ ခုဆို ရင် နှစ်ပေါင်း ၂၀ ကျော်နေပါပြီး တရွာလုံးမှာ အိမ်ခြေ ၃၀၀ ကျော်ရှိနေပြီ၊ ဒါတွေကို လာဖျက်တော့ ဒီကလူတွေက ဘယ်မှာ သွားနေရမှာတုန်းဗျာ” လို့ ပြောပြသွားပါတယ်။

အခုဆိုရင် မြဝတီမြို့ ပတ်ဝန်းကျင်က မြေလွတ်မြေရိုင်းတွေကို ပြုပြင်ပြီး နှစ် ၂၀ – ၃၀ လောက်နေထိုင်လာကြတဲ့ ပြည်သူတွေကို မထောက်ထားပဲ ဒေသခံအာဏာပိုင် အုပ်ချုပ်ရေးပိုင်းတွေက ငွေပေးနိုင်သူတွေကို လက်ညှိုးထိုး ရောင်းစားနေတာကြောင့် မြေလွတ်မြေရိုင်းတွေမှာ နှစ်ရှည် အခြေချ နေထိုင်လာကြတဲ့ ပြည်သူတွေ နေရေးထိုင်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

No comments: