Tuesday, September 13, 2011

နယ်စပ်အရေး ထိုင်းရဲဗိုလ်ချုပ် ဘာပြောသလဲ



ထိုင်းရဲဒုဗိုလ်ချုပ်ကြီးရတ်ဖိဖတ် ပါလအုန် (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာလူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများအား အကူအညီပေးသည့် မည်သူ့ကိုမဆို ပြင်း ပြင်းထန်ထန် အရေးယူမည်ဟု ယနေ့ မဲဆောက်မြို့ကို ရောက်ရှိလာသည့် ထိုင်းရဲချုပ်၏ လက်ထောက် နယ်စပ်ဖြတ်ကျော် မှုခင်း နှိမ်နှင်းရေးဌာန တာဝန်ခံ ရဲဒုဗိုလ်ချုပ်ကြီး ရတ်ဖိဖတ် ပါလအုန်က ဒေသခံ သတင်းထောက်များကို ပြောသည်။

ရဲဗိုလ်ချုပ်က မြန်မာနိုင်ငံအပေါ် ထားရှိသည့် ထိုင်းအစိုးရသစ်၏ မူဝါဒနှင့် နယ်စပ်ဖြတ် ကျော်မှုခင်း နှိမ်နှင်းရေး ဆိုင်ရာ ညွန်ကြားချက်များကို နယ်စပ်သို့ လာရောက် ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ရဲဒုဗိုလ်ချုပ်ကြီးရတ်ဖိဖတ်က "ကျနော်တို့အစိုးရ မှာ မြန်မာလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကိုလက် နက်ထောက်ပံ့တဲ့မူဝါဒ မရှိဘူး။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေသူတွေ လက်နက်မှောင်ခိုတွေကို စစ်ဆေးတွေ့ရှိခဲ့မယ် ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်" ဟုပြောသည်။

မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ပြည် တွင်းရေးများကိုလည်း လုံးဝ ၀င်ရောက် စွက်ဖက်မည် မဟုတ်ကြောင်းလည်း ရဲချုပ်က ဖြည့်စွက် ပြောကြားသည်။

လက်အောက်ခံ ရဲတပ်ရင်းတပ်ဖွဲ့များသို့ ညွန်ကြားရာတွင် လက်နက်မှောင်ခို နှိမ်နှင်းရေးကို အဓိက ပြောကြားခဲ့ပြီး အခြား နယ်စပ်ဖြတ်ကျော်မှုခင်းများဖြစ်သည့် ကားနှင့် မော်တော်ဆိုင် ကယ် ခိုးထုတ်မှု အပါအ၀င် မူးယစ်ဆေးဝါးပြဿနာများကိုလည်း အထူး နှိမ်နှင်းသွားရန်လည်း ညွန်ကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ လက်ထောက်ရဲချုပ်ကိုယ်တိုင် မဲဆောက်သို့ ဆင်းလာရခြင်းမှာ မဲဆောက်ဒေသ အတွင်း လူမျိုးစု လက်နက်ကိုင်အဖွဲ့များထံသို့ ရောင်းချရန်အတွက် လက်နက်မှောင်ခိုများ သယ်ယူလာသည့် လက်နက်ခဲယမ်းမျိုးစုံကို မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း မကြာခဏ ဖမ်းဆီးရမိခြင်းများနှင့် ဆက်စပ်မှုရှိသည်ဟု ထိုင်း ၀ါရင့်သတင်းထောက်တဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အာဏာပိုင်များက မဲဆောက်အနီး ထိုင်းဘက် ခြမ်းတွင် လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်တဖက်ခြမ်းရှိ ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များနှင့် လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များကြား ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများတွင် ထိုင်းနိုင်ငံဘက်က လူ မျိုးစု လက်နက်ကိုင် အဖွဲ့များကို လက်နက်ခဲယမ်း ထောက်ပံ့ပေးခဲ့သည်ဟု မြန်မာဘက်က စွပ်စွဲပြောကြားလေ့ရှိသည်။

No comments: