
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်ခံရမှုအတွက် အယ်လ်ခိုက်ဒါတွေကို လက်တုံ့ပြန်ဖို့နဲ့ အိုစမာဘာလာဒင်ကို ရှာဖွေဖို့ အမေရိကန်က အာဖဂန်နစ္စတန်ကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ ဒီအထိ အားလုံး နားလည်မှုပေးကြသည်။
သို့သော် သမ္မတ ဂျော့ဒဗယူဘုရှ် က အီရတ်ကို အယ်လ်ခိုက်ဒါတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ အကြောင်းပြပြီး ၀င်ရောက်ကျူးကျော်တဲ့ အခါမှာတော့၊ အမေရိကန်အတွက် ပြဿနာ ဆိုးမွေများစွာ ချန်ရစ်ခဲ့သည်။ သမ္မတ ဘုရှ်က စစ်ပွဲအစမှာတင် ဒေါ်လာ ဘီလီယံ ၆၀ ကျော် တောင်းခဲ့သည်။ နောက် ထင်တာထက် အဆများစွာ ကုန်ကျခဲ့သည်။
နိုဘယ်ဆုရ စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂ်လဇ် က (၉/၁၁) ဖြစ်ရပ်ပြီးနောက် အမေရိကန် အတွက် စုစုပေါင်း စစ်ရေးကုန်ကျစရိတ် ဒေါ်လာ ၃ ထရီလီယံနဲ့ ၅ ထရီလီယံ ကြား ရှိမယ်လို့ တွက်ချက်ပြသည်။ ဒီထက် ကုန်ကျစရိတ် ပိုများဖို့ပဲရှိသည်ဟု ဆိုသည်။
တပ်တွေ ပြန်ရုတ်တဲ့အခါ စစ်သား ၅၀ ရာခိုင်နှုန်းနီးပါးကို၊ မသန်မစွမ်း စောင့်ရှောက်စရိတ်နဲ့ အစစ အပြည့်အ၀ တာဝန်ယူပေးရသည်။ တပ်သား ၆ သိန်းကျော်ကို စစ်ပြန်စစ်မှုထမ်း ကျန်းမားရေး စောင့်ရှောက်မှုတွေ ရာသက်ပန် လုပ်ပေးရမည်။ အဲဒီနှစ်ခုအတွက် စုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ ဘီလီယံ ၆၀၀ နဲ့ ၉၀၀ ကြား ရှိမည်။ နောက် လူမှုဆုံးရှုံးမှုတွေ ရှိလာသည်။ စစ်ပြန်အချို့ မိမိကိုယ်ကို သတ်သေမှုတွေနဲ့ မိသားစုပြိုကွဲမှုတွေ ရှိလာသည်။
အမေရိကန် စစ်ပွဲကို ၀င်တဲ့အချိန်မှာ၊ ၂၀၀၁ ခုနှစ် အခွန်လျှော့ပေါ့မှုကနေ တိုင်းပြည် ဘတ်ဂျက်လိုငွေ ပြနေချိန်ဖြစ်သည်။ သို့နှင့်တိုင် ဘုရှ် က ခေါင်းမာမာနဲ့ ချမ်းသာသူများအတွက် အခွန်သက်သာရေး အစီအစဉ်တွေ ထပ်လုပ်ပေးခဲ့ပြန်သည်။
ဘုရှ်ရဲ့ အခွန်လျှော့ချမှုနဲ့ ကာကွယ်ရေး အသုံးစရိတ်မြင့်မားမှုကြောင့် အမေရိကန် ဂျီဒီပီ ၂ ရာခိုင်နှုန်း အထိ ထိုးဆင်းသွားခဲ့ရသည်။ အစိုးရရဲ့ စစ်ပွဲတိုက်ရိုက်အသုံးစရိတ်ဟာ ဒေါ်လာ ၂ ထရီလီ ကုန်ကျခဲ့ပြီး၊ အမေရိကန် အိမ်ထောင်စုတိုင်းက ဒေါ်လာ ၁၇,၀၀၀ ကျခံရမည့် သဘောပင်။
အကျိုးဆက်အဖြစ် ယနေ့ အမေရိကမှာ အလုပ်လက်မဲ့ ပြဿနာနဲ့ ဘတ်ဂျက်လိုငွေပြမှု အကြီးအကျယ် ရင်ဆိုင်နေရသည်။ လိုငွေပြမှုနဲ့ ကြွေးဝန်ထုပ်ဝန်ပိုးကြောင့် မက်ခရိုစီးပွားရေး ချိနည့်သွားသည်။ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ မတည်မငြိမ်ဖြစ်လာပြီး၊ ရေနံဈေးတွေ ခေါင်ခိုက်လာသည်။ အမေရိကန်က ရေနံကို ဈေးကြီးကြီးနဲ့ ပေးဝယ်နေရသလို၊ အခြား ကုန်ပစ္စည်းတွေမှာပါ ဈေးမြောက်လာသည်။
ဘယ်လိုပဲဖြစ်ဖြစ် ၉/၁၁ ဆယ်နှစ်မတိုင်ခင်၊ အိုစမာ ဘင်လာဒင်ကို သုတ်သင်နိုင်ခဲ့သည်။ ဒါပေမဲ့ သူ့အတွက်ကြောင့် အမေရိကန် စီးပွားရေး ကျဆင်းမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ကြွေးတင်မှု၊ အလုပ်လက်မဲ့ များပြားမှု စတဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ရမှုတွေကိုတော့ ဘင်လာဒင် သိချင်မှ သိသွားလိမ့်မည်။
No comments:
Post a Comment