Monday, September 12, 2011

အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးတဲ့ ဇနီးမောင်နှံ အဆိပ်သောက် သေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် အိမ်ထောင်သက် ၁၆ ရက်သာ ရှိသေးသော ညားခါစ ဇနီးမောင်နှံ နှစ်ဦးမှာ အဆိပ်သောက်ကာ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ ဇနီးမောင်နှံ နှစ်ဦးမှာ တောင်ကုတ်မြို့နယ် ဒုံကျေးရွာမှ ကိုစိုးစိုး(၂၅) နှစ်နှင့် မဇင်မာမြင့်(၂၀) နှစ် တို့ ဖြစ်ကြပြီး ယခုလ ၂ ရက်နေ့က အဆိပ်သောက် သေဆုံးသွားကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး လက်ထပ်ယူခြင်းကို မိဖများ သဘော မတူသည့် အပြင် ရပ်တည်ရန် အခက်အခဲ ဖြစ်ရာမှ နောက်ဆုံးတွင် ပိုတက်ခေါ် ဗျိုင်းသတ်ဆေး အဆိပ် တမျိုးကို သောက်ပြီး သေဆုံးသွားကြခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

" မိဖတွေ သဘော မတူတဲ့ အတွက် နေရေးထိုင်ရေးလည်း အခက်အခဲ ဖြစ်လာတာကြောင့် သူတို့နှစ်ဦး ဒီလမ်းကို ရွေးသွားကြတာ ဖြစ်ဖို့များပါတယ်။ လူတွေက စိတ်မကောင်းတော့ ဖြစ်ကြပါတယ်" ဟု တောင်ကုတ် မြို့ခံ တစ်ဦးက ပြောသည်။

တောင်ကုတ်တွင် ပိုတက်ခေါ် အဆိပ်ဆေးကို လွယ်လွယ်ကူကူ ၀ယ်ယူရရှိနေသဖြင့် အဆိုပါ အဆိပ်ဆေးကို သောက်ပြီး သေကြောင်းကြံနေသူများ များပြားနေကြောင်း သိရသည်။

ယခုနှစ်များ အတွင်း အဆိုပါ ပိုတက် အဆိပ်ကို သောက်ပြီး သေဆုံးနေသူများ ရှိနေရာ ယခုနှစ် ဇူလိုင်လ အတွင်းကလည်း တောင်ကုတ် ကိုင်ရှည်ရပ်ကွက်မှ မရီရီဝင်း(၁၈) နှစ်မှာ အဆိပ်သောက်ပြီး သေဆုံး သွားခဲ့ကြောင်း သိရသည်။

အလာတူ ၂၀၁၀ နှစ်ကုန်ပိုင်းကလည်း သိမ်တောင်ရပ်ကွက်မှ ပထမနှစ်ကျောင်းသူ မမိကျူ(၁၈)နှစ် ( မြန်မာ့သြဘာ၊ ပိုးသတ်ဆေး အရောင်းဆိုင်၊ အရောင်းစာရေးမ ) သည်လည်း သူမ ရောင်းသော ဆိုင်က ပိုးသတ်ဆေးကို ယူသောက်ပြီး သေကြောင်း ကြံသွားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ လူကို အသက်အန္တာရယ်ထိ ဒုက္ခ ဖြစ်စေနိုင်သော ပိုတက် ပိုးသတ်ဆေးကို တောင်ကုတ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေသော်လည်း သက်ဆိုင်ရာက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

No comments: