Thursday, October 20, 2011

မုန်တိုင်း​ ရခိုင်ကမ်း​ရိုး​တမ်း​တဝက်ကို တိုက်ခတ်​နေပြီ

Published on October 19, 2011 မုန်တိုင်း​ ရခိုင်ကမ်း​ရိုး​တမ်း​တဝက်ကို တိုက်ခိုက်​နေပြီ
မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅ မိနစ်
ရခိုင်ကမ်း​ ရိုး​တန်း​ကို ဖြတ်သန်း​တိုက်ခတ်​နေတဲ့​ မုန်တိုင်း​ဟာ မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅ မိနစ်မှာ ကမ်း​ရိုး​တန်း​တဝက်ထိ ဖြတ်သန်း​တိုက်ခတ်​နေပြီး​ ​လေတိုက်နှုန်း​ မိုင် ၆၀-၇၀ ထိ တိုက်ခတ်​နေတယ်လို့​ မိုး​လေဝသဌာနက လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော်က ​ပြောပါတယ်။
ဦး​ချစ်​ကျော်ကို မုန်တိုင်း​အ​ခြေအ​နေနဲ့​ပတ်သက်ပြီး​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။
အခု​နောက်ဆုံး ​ မြန်မာစံ​တော်ချိန် ၆ နာရီ ၄၅မိနစ်​ပေါ့​။ ဆရာတို့​ အဲဒီအချိန်အရ မုန်တိုင်း​နဲ့​ ပတ်သက်ပြီး​ ဘယ်လိုသတင်း​ထုတ်ပြန်ထား​သလဲ။
“​နောက် ၁၂ ရာရီအတွင်း​ ကမ်း​ဖြတ်မယ်။ အခု​လော​လောဆယ်​တော့​ ကမ်း​ကို တဝက်​လောက်ဖြတ်​နေပြီ။ ဒါ​ပေမယ့်​ ဗဟိုချက်​တော့​ မဖြတ်​သေး​ဘူး​။ ကမ်း​ဖြတ်ရင် ​လေတိုက်နှုန်း​တွေလည် နည်း​နည်း​များ​မယ်။ ၆၀၊​ ၇၀ ​လောက်တိုက်မယ်။ ပြီး​လို့​ရှိရင် မုန်တိုင်း​ဒီ​ရေတက်မယ့်​ ခရိုင်​တွေ ​မောင်​တောခရိုင်​ပေါ့​။ အဲ့​ကလူ​တွေ ​ဘေး​လွတ်ရာကို သွား​ပါ။ ​ရွှေ့​ပါဆိုပြီး​ ထုတ်လိုက်ပါတယ်။”
ဒီမုန်တိုင်း​က ဒီညမှာပဲ အား​ပျော့​ပျက်ပြယ်သွား​ဖို့​ ရှိလား​။ ဘယ်လိုအ​ခြေအ​နေ မြင်ရလဲ။
“မနက်​ လောက်အထိ​တော့​ သွား​နေမယ်။ မနက်ဖြန် ၁၁ နာရီ။ ၁၂ နာရီ​လောက်ထိ သွား​မယ်။ သွား​တယ်ဆိုတာ​တော့​ အဲဒီအခါကျ​တော့​ ကမ်း​ကို​ကျော်ပြီး​တော့​ အတွင်း​ထဲကို​ရောက်မယ်။”
လေတိုက်နှုန်း​က​ကော ဒီထက်တိုး​လာစရာ ရှိပါ​သေး​လား​။
“ကျ​နော်တို့​ဘက်ခြမ်း​က ၆၀-၇၀ ပဲ။ ဘင်္ဂလား​ဒေ့​ရှ်ဘက်​တော့​ သိပ်မတိုက်ဘူး​။ ကျ​နော်တို့​ဘက်က​တော့​ နည်း​နည်း​များ​တယ်။”
ဆရာတို့​ အခုသိရသ​လောက် မုန်တိုင်း​နဲ့​ပတ်သက်ပြီး​တော့​ ဘယ်​လောက်ထိ ပျက်စီး​ဆုံး​ရှုံး​မှု​တွေ ဘာ​တွေရှိတယ်လို့​ ကြား​ရလဲ။
“မကြား​ရ​သေး​ဘူး​။ လူ​တွေ​ရွှေ့​ပြောင်း​တာတို့​ ဘာတို့​လုပ်​နေကြတုန်း​။”
အဓိက ဘယ်မြို့​တွေဖြစ်မလဲ။ ထပ်​ပြော​ပေး​ပါ။
“​မောင်​တောမြို့​ပါ။ ​မောင်​တောမြို့​နဲ့​ ​မောင်​တောမြို့​နယ်အတွင်း​မှာရှိတဲ့​ ​ကျေး​ရွာ​တွေ​ပေါ့​။”
ဒီမုန်တိုင်း​နဲ့​ပတ်သက်ပြီး​ ပြည်သူ​တွေကို ​ပြောသင့်​တာ​လေး​ ​ပြော​ပေး​ပါ။
“သက်ဆိုင်ရာ သဘာဝ ​ဘေး​အန္တရာယ်တား​ဆီး​ရေး​ အဖွဲ့​တွေရဲ့​ လမ်း​ညွှန်ချက်အတိုင်း​ သူတို့​ရွှေ့​ခိုင်း​တဲ့​နေရာ​တွေကို ​ရွှေ့​ပြီး​တော့​ ဒီလုံခြုံတဲ့​ ​နေရာ​တွေမှာ​နေပါလို့​။ ​နောက်တချက် မိမိပစ္စည်း​ဥစ္စာ​တွေကို ​သေ​သေချာချာ သိမ်း​ဆည်း​ပါလို့​ ​နေ့​ခင်း​သုံး​နာရီ​လောက်က ​ရေဒီယိုက​နေ တိုက်ရိုက် ကျ​နော်​ပြောထား​တယ်။”
မုန်တိုင်း​အရှိန်​လျှော့​၊​ ယ​နေ့​ည အား​ပျော့​ပျက်ပြယ်နိုင်ဟု ဦး​ထွန်း​လွင် ​ပြောကြား
မြန်မာစံ​တော်ချိန် ၄ နာရီ ၁၅ မိနစ် အချိန် ဆက်သွယ်​မေး​မြန်း​ချက်
မုန်တိုင်း​ဟာ အရှိန်​လျှော့​သွား​ပြီး​ ဒီ​နေ့​ညမှာ အား​ပျော့​ပျက်ပြယ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောပါတယ်။
ဆရာ၊ ​ မြန်မာစံ​တော်ချိန် ​လေး​နာရီ ဆယ့်​ငါး​မိနစ် ခန့်​မှန်း​ချက်​ပေါ့​။ မုန်တိုင်း​နဲ့​ပတ်သက်ပြီး​ ​နောက်ဆုံး​အ​ခြေအ​နေ​လေး​ သိပါရ​စေ။
“အ​ခြေအ​နေ​ ကောင်း​တယ်ခင်ဗျ။ အား​ပို​ကောင်း​မသွား​ဘဲ အား​တောင်​လျော့​သွား​တယ်။ မုန်တိုင်း​က ဖြတ်​နေပြီ ​မောင်​တောနဲ့​ ​ကော့​ဘဇား​ကြား​ထဲမှာ ​လေတိုက်တယ်။ ဒီ​နေ့​ညဆိုရင် အား​လုံး​ပြီး​သွား​မယ်ထင်ပါတယ်။”
အ​ခြေအ​နေ သိပ်မဆိုး​ဘူး​ဆိုတာ ဘယ်​လောက်နဲ့​ ဖြတ်သွား​မှာလဲ ​လေတိုက်နှုန်း​က။
“​လေတိုက်နှုန်း​က အလွန်ဆုံး​ရှိရင် လွန်​ရောကျွံ​ရော ၅၀ ​လောက်ပဲ။ အဲဒီထက် နည်း​ဖို့​များ​တယ်။”
မိုး​လေဝသဌာနက အနီ​ရောင်အဆင့်​လို့​ သတ်မှတ်တယ်လို့​ ဖတ်ရပါတယ်။ အဲဒါဘာကို ဆိုလိုတာလဲ။
“အနီ​ရောင်အဆင့်​ဆိုတာ ကမ်း​ခြေကို ဖြတ်တာ၊​ ၁၂ နာရီအတွင်း​ဖြတ်​တော့​မယ်​ပြောတာ။ အမှန်က​တော့​ ဖြတ်​နေပါပြီ။”
ဒီမုန်တိုင်း​ ဘယ်အချိန်​လောက်မှာ ဘယ်လိုပျက်ပြယ်သွား​နိုင်လဲ။
“ဒီ​နေ့​ညဆို ​နောက်ဆုံး​ထင်တာပဲ။ ည ၁၀ နာရီဝန်း​ကျင်​လောက်ဆို ရှင်း​သွား​မယ်ထင်တယ်။”
ဒီမုန်တိုင်း​နဲ့​ ပတ်သက်လို့​ မုန်တိုင်း​ဖြတ်မယ့်​ဒေသက လူ​တွေကို ဘာသတိ​ပေး​ချင်ပါလဲဆရာ။
“သတိ​ပေး​ ချင်တာ​တော့​ အဓိက အသက်အန္တရာယ် ရှိနိုင်တာ​တော့​ ပင်လယ်ထဲသွား​တဲ့​ ကိစ္စတခုပဲရှိတယ်။ ကုန်း​ပေါ်မှာ​နေလို့​တော့​ လူအသက်အန္တရာယ် ရှိ​လောက်တာ ဘာမှမ​တွေ့​ဘူး​။ ​လေက​တော့​ ဒီ​လောက်တိုက်တာနဲ့​ ပြိုကျတာ​တွေ မဖြစ်နိုင်ဘူး​။ အဓိက​တော့​ ပင်လယ်ပဲ။ ​လေကလည်း​ ၅၀၊​ ၆၀ ​လောက် ဥပမာထား​မယ်ဆိုရင် လှိုင်း​က​တော့​ ကြီး​မယ်။ ပင်လယ်မှာ ကြီး​တာကို ​ပြောတာပါ။ ကုန်း​ပေါ်​တော့​မတက်ဘူး​။ အဲဒါ​တော့​သေချာတယ်။ နာဂစ်လို ကုန်း​ပေါ်တက်တာ​တွေ ဘာ​တွေမရှိနိုင်ဘူး​။ သတိ​ပေး​ချင်တာ​တော့​ ပင်လယ်ပြင်ကို မသွား​ဖို့​ပဲ။ ဒါ​ပေမယ့်​ ခု​လောက်ဆိုရင်​တောင် ပြီး​လောက်ပါပြီ။ အဲ​တော့​ ပင်လယ်ပြင်​ရှောင်ပါလို့​ပဲ ​ပြောချင်တယ်။”
၇၅ တို့​၊​ ၈၀ တို့​ မဖြစ်နိုင်​တော့​ဘူး​ပေါ့​။
“လုံး​ဝမဖြစ်နိုင်ပါဘူး​။”
ရခိုင်ကိုဝင်မည့်​မုန်တိုင်း​ အနီ​ရောင် အ​ရေး​ပေါ်အ​ခြေအ​နေ​ရောက်
ည​နေ ၄း​ဝဝ နာရီ

ရခိုင်ပြည်နယ် ​မောင်​တောမြို့​ အ​နောက်ဘက် ၃၅ မိုင်ခန့်​အကွာ ဘင်္ဂလား​ပင်လယ်​အော်ကို ဗဟိုပြုမုန်တိုင်း​ဟာ အနီ​ရောင်အဆင့်​ အ​ရေး​ပေါ်အ​ခြေအ​နေကို ​ရောက်ရှိ​နေပြီဖြစ်ပြီး​ ဒီ​နေ့​ ည​နေက ​နောက် ၁၂ နာရီအတွင်း​ ရခိုင်ပြည်နယ်​မြောက်ဘက်ကမ်း​ခြေ ​မောင်​တောမြို့​နဲ့​ ဘင်္ဂလား​ဒေ့​ရှ်နိုင်ငံကမ်း​ခြေ စစ်တ​ကောင်း​မြို့​အကြား​က ကုန်း​တွင်း​ကို ဖြတ်​ကျော်ဝင် ​ရောက်မယ်လို့​ ခန့်​မှန်း​ကြောင်း​ မိုး​-ဇလက သတင်း​ထုတ်ပြန်ပါတယ်။
ဒီည​နေ ၃း​၃၀ နာရီ တိုင်း​ထွာချက်အရ မိုး​လေဝသနှင့်​ဇလ​ဗေဒဦး​စီး​ဌာနက သတင်း​ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီမုန်တိုင်း ​အရှိန်​ကြောင့်​ ရခိုင်ကမ်း​ရိုး​တန်း​နဲ့​ ကမ်း​လွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုး​သက်​လေပြင်း​ကျ​ရောက်စဉ် ​ရေပြင်​မြေပြင်​လေဟာ တနာရီ မိုင် ၆၀ – ၇၀ ထိ တိုက်ခတ် နိုင်ပါတယ်။ ကမ်း​ခြေကို မုန်တိုင်း​ဖြတ်​ကျော်ချိန်မှာ ရခိုင်ပြည်နယ်​မြောက်ပိုင်း​ ကမ်း​ခြေ​ဒေ သ​တွေမှာ မုန်တိုင်း​ဒီ​ရေ ၆ ​ပေက​နေ ၈ ​ပေအထိ တက်နိုင်တယ်၊​ ရခိုင်ကမ်း​ရိုး​တန်း​နေ ပြည်သူ​တွေ ​ဘေး​အန္တရာယ်ကင်း​ရာကို ကြိုတင်​ရှောင်ရှား​ပါလို့​ မိုး​-ဇလက သတိ​ပေး​ထား​ပါတယ်။
ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်မည် – ကြိုတင်ရှောင်ရှားရန် မိုး-ဇလ သတိပေး
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၃း၀၀ နာရီ
ရခိုင်ကမ်းရိုးတန်းကို ဒီနေ့မွန်းတည့်ကနေ နောက် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်မှာဖြစ်လို့ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားဖို့ မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတိပေးလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ဘက်က လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့်ကို ရောက်ရှိပြီဖြစ်ပြီး စစ်တွေမြို့အနောက်ဘက် မိုင် ၁၆၀ လောက်အကွာ ပင်လယ် ပြင်ကို ဗဟိုပြုနေတယ်လို့ မိုး-ဇလက သတင်းထုတ်ပြန်ပါတယ်။
လိမ္မော်ရောင်အဆင့် မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ဦးတည်လာနေပြီး နောက် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မောင်တောမြို့ နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကြားသို့ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်း ထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။
မိုးသက်လေပြင်းကျရောက်စဉ်မှာ ရေပြင်မြေပြင်လေဟာ တနာရီကို မိုင် ၅၀ ကနေ မိုင် ၆၀ နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းကမ်းကိုဖြတ်ကျော်ချိန်မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ မုန်တိုင်း ဒီရေဟာ ၆ ပေကနေ ၈ အပေထိ တက်နိုင်တယ်လို့လည်း မိုး-ဇလ က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကျော်နဲ့ မွန်းလွဲ ၁း၃၀ မှာ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားထောင်နိုင်ပါတယ်။
၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ရွှေအောင်
တနာရီ ၇၅ မိုင်နှုန်း ပြင်းအားရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားပါတယ်။
မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းချက်။
ဒီဗွီဘီ – စစ်တွေမှာတော့ လေတော်တော်တိုက်နေတယ်လို့ မြို့ခံတွေပြောလို့ သိရပါတယ်။ မုန်တိုင်း နောက်ဆုံးအခြေအနေ သိပါရစေ။
ဦးထွန်းလွင် – မုန်တိုင်းက ဒီနေ့လည်ကတည်းက မုန်တိုင်းအဖျားခတ်နေပြီလေ။ ၀င်မှာကတော့ ညနေပိုင်း ငါးနာရီခြောက်နာရီလောက် ဗဟိုချက် ဖြတ်လိမ့်မယ်ထင်တယ်။ ရခိုင်မြောက်နဲ့ ဘင်္ဂလားဒေ့ရှ်။ ဦးတည်တာကတော့ ဘင်္ဂလားဒေ့ရှ်က ကော့ဘဇားပဲ။ မုန်တိုင်း ညာဘက်တခြမ်းလုံးက ရခိုင်မြောက်ကို ဖုံးအုပ်ပြီးဖြတ်မယ်ဆိုတော့ ရခိုင်လည်း ပါတယ်ပေါ့ဗျာ။
ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်လောက်ဖြစ်နိုင်လဲ။
ဦးထွန်းလွင် - လေတိုက်နှုန်းက လောလောဆယ် မိုင် ၅၀ ပဲဗျ။ တနာရီမိုင် ၅၀။ သိပ်တော့လဲ ပြင်းပြင်းတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဒီနေ့လယ်ပိုင်းတပိုင်းလုံး ရှိသေး တော့ ညနေပိုင်းမှာ တိုးတက်ပြီး ဖြစ်လာတယ်ဆိုရင်တော့ ၇၀ လောက်များ ဖြစ်သွားမလား မပြောတတ်ဘူး။ လောလောဆယ်တော့ မဖြစ်သေးဘူး၊ ကျနော်မှန်းထားတာပါ။
ဒီဗွီဘီ – ဆရာ့ဝက်ဘ်ဆိုက်မှာ ရေးထားတာ ဒီနေ့နေ့လယ်ပိုင်းမှာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်ဆိုတာက ဘယ်လောက်ထိဖြစ်နိုင်ပါလဲ။
ဦးထွန်းလွင် - ဟုတ်တယ်။ U.S (အမေရိကန်) ကလည်း အဲဒီအတိုင်း ခန့်မှန်းတယ်။ ကျနော်လည်း အဲဒီအတိုင်း ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်ခင်ဗျ။
ဒီဗွီဘီ – ဆိုင်ကလုန်းဖြစ်မယ်ဆို ဘယ်အချိန်လောက် ဖြစ်နိုင်မလဲခင်ဗျ။
ဦးထွန်းလွင် - ၂း၀၀ နောက်ပိုင်း ၃း၀၀ နာရီ ၄း၀၀ နာရီ အဲဒီအချိန်တွေက ဖြစ်တတ်တဲ့ အချိန်တွေဗျ။ အများဆုံးဖြစ်နိုင်တာကတော့ ၄း၀၀ နာရီလောက်ဖြစ်နိုင်တယ်။
ဒီဗွီဘီ – လေတိုက်နှုန်းက ဘယ်လောက်ဖြစ်သွားနိုင်လဲ။
ဦးထွန်းလွင် - တနာရီ ၇၅ မိုင်နှုန်းလောက် ဖြစ်သွားနိုင်တယ်ဗျ။
ဒီဗွီဘီ – အဓိက ဘယ်မြို့တွေ ဖြစ်နိုင်လဲ။
ဦးထွန်းလွင် – အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရမ်းဗြဲတို့ဗျ။ လေတိုက်နှုန်း ၇၅ ဖြစ်လာပြီး ရေမတက်ဘူးဆိုရင် ကုန်းပေါ်မှာနေကြရင် အန္တရာယ်ကင်းပါလိမ့်မယ်ဗျ။
(ထပ်မံရရှိတဲ့​ နောက်ဆုံးသတင်းတွေကို ဆက်လက်​ဖော်ပြသွား​ပါမယ်။)
စစ်တွေမြို့ခံတဦးကို ဆက်သွယ်မေးမြန်းချက်
အေးနိုင် ၁၉ အောက်တိုဘာ ၂၀၁၁ မွန်းလွဲ ၁၂း၃၀
ဒီဗွီဘီ – စစ်တွေက လေပြင်းတိုက်ခတ်မှု အခြေအနေကို ပြောပြပါ။
“ဟုတ်ကဲ့။ လေပြင်းတိုက်တယ်ဗျာ။ မိုးရွယ်တယ်ခင်ဗျာ။ ဒီတမနက်လုံး ရွာနေပါတယ်ခင်ဗျာ။ ရေတော့ မကြီးပါဘူးခင်ဗျာ။ မိုးကြီးလို့ ရေအများကြီး ရောက်နေပါတယ်။ ပလက်ဖောင်းတွေဘာတွေမြုပ်တာပေါ့။ လေကတော့ တိုက်နေတယ်။
ဒီဗွီဘီ – မုန်တိုင်းဝင်မယ်ဆိုတာတွေဘာတွေ သိသလား။
“၁၁ နာရီ မြန်မာ့အသံက လာတာ နားထောင်လိုက်တယ်။ သူတို့က မနက် ၆း၀၀ နာရီ တိုင်းထွာချက် အရ လေဖိအားနည်းရပ်ဝန်း ရှိတယ်တော့ ပြောတာပဲ။ မုန်တိုင်းတော့ ဘာမှ မပြောသွားဘူးဗျ၊ ကျနော်တို့ ထင်တာက မုန်တိုင်းတော့ ရှိတယ်ထင်တာပဲ။ အခြေအနေက တော်တော်လေးဆိုးနေပါတယ်ခင်ဗျ။ ဒီမှာတော့ လေတိုက်နှုန်း ၃၀ – ၄၀ ပတ်ဝန်းကျင်ပေါ့ဗျာ။
ဒီဗွီဘီ – မနေ့ညက စစ်တွေကမ်းနားဘက် ဈေးတန်းမှာ အဆောက်အဦ နည်းနည်းပါးပါး ပြိုသွားတယ် ကြားတယ်။
“ဒီမနက် ဈေးမှာတွေ့တာက အမိုးတွေဘာတွေ လန်သွားပြီးတော့ ပြုတ်ကျတာ လူတော့ထိခိုက်မှု မရှိဘူး၊ မနက် ခြောက်နာရီခွဲတုန်းကလည်း လေဆင်နှာမောင်း နည်းနည်းဝှေ့သွားတယ်။ ကျောင်းတက်လက်ရပ်ကွက်။ ရွာကြီးတောင် စတဲ့နေရာတွေမှာပါ နည်းနည်းပါးပါးပါ၊ သွားတော့မကြည့်ရသေးပါဘူးဗျာ။ မိုးက တအားရွာနေလို့။
ဒီဗွီဘီ – အကိုတို့စစ်တွေသားတွေ ဘယ်လိုပြင်ထားကြလဲ။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောလိုက်ပြီနော် ‘မုန်တိုင်းဝင်နိုင်တယ်’လို့။
“ကျနော်တို့လည်း ဒီတမနက်လုံး ရေဒီယိုဖွင့်ထားတာပဲဗျာ။ မုန်တိုင်းလာမယ် ဆိုတာ ဘယ်သူမှ မကြေညာသေးဘူးဗျ။ ဒါပေမယ့် ဦးထွန်းလွင်ပြောတာက သေချာသလောက် ဖြစ်နေပါပြီ၊ တလောကတည်းက သူပြောထားတယ်လေ ‘မုန်တိုင်းတလုံးလာလိမ့်မယ်’ဆိုတာ။ ကျနော်တို့လည်း အခုတောင် မုန်တိုင်းလာလိမ့်မယ် ထင်တာပါပဲ။ လေလည်း တော်တော်လေးတိုက်နေတယ်။
၁၉ အောက်တိုဘာ ၂၀၁၁ မွန်း​တည့်​ ၁၂း​ဝဝ နာရီ
အေးနိုင်
ရခိုင်ပြည်နယ် စစ်​တွေမှာ မ​နေ့​က ​လေပြင်း​ တိုက်ခတ်သွား​ပြီး​ ဒီ​နေ့​မွန်း​တည့်​ မတိုင်ခင်မှာ လည်း​ ​လေပြင်း​ထပ်တိုက်​နေတယ်လို့​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။
“စစ်​တွေမှာ ည ၁၁ နာရီ​လောက်က နည်း​နည်း​လေပြင်း​ ဝင်သွား​ပါတယ်။ မုန်တိုင်း​ ​တော့​မဟုတ်ဘူး​ ဒါ​ပေမယ့်​အ​ခြေအ​နေ နည်း​နည်း​ဆိုး​ပါတယ်။ တနာရီကို မိုင် ၄၀ နှုန်း​လောက်​တော့​ တိုက်​နေပါတယ်။ ကမ်း​နား​ပိုင်း​က ​ဈေး​ပိုင်း​တွေ နည်း​နည်း​ပျက်စီး​သွား​ ပါတယ်။ လူတ​ယောက်မှ မ​သေပါဘူး​။ အခု ဖုန်း​ပြော​နေချိန်မှာ ​လေနည်း​နည်း​ကြမ်း​လာပါ တယ်။ မိုး​အရမ်း​ရွာပါတယ်။ ကျ​နော်တို့​ အခုခန့်​မှန်း​တာ​တော့​ ​လေတိုက်နှုန်း​က ၃၅ နဲ့​ ၅၀ ကြား​ ရှိပါတယ်။”
လက်ရှိ ​လေပြင်း​တိုက်​နေပုံနဲ့​ဆိုရင် စစ်​တွေ​လေဆိပ်ကို ဒီ​နေ့​ ​လေယာဉ်ဆင်း​နိုင်ဖွယ်မရှိဘူး​လို့​လည်း​ စစ်​တွေမြို့​ခံက ​ပြောပါတယ်။
“တချို့​မူလတန်း​ကျောင်း​တွေက က​လေး​တွေကို အိမ်ပြန်ခိုင်း​ပါတယ်။ အသွား​အလာက​တော့​ သွား​လို့​မရ​လောက်​အောင် ​လေပြင်း​လာပါတယ်။ နည်း​နည်း​အ​ခြေအ​နေဆိုး​နေပါတယ်။ ဒီပုံဆို ​လေယာဉ်မဆင်း​နိုင်ပါဘူး​။”
ကျောက်ဖြူမြို့​မှာလည်း​ ​လေပြင်း​စတိုက်​နေတယ်လို့​ ​ကျောက်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။
ဘင်္ဂလား​ပင်လယ် ​အော် အလယ်ပိုင်း​မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်တခုဟာ ​အောက်တိုဘာ ၂၁ ရက် (​သောကြာ) ​နေ့​မှာ ရခိုင်ပြည်နယ် ​မြောက်ပိုင်း​နား​ကို ကပ်ပြီး​ဖြတ်သန်း​တိုက်ခတ်နိုင်တယ်လို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောကြား​ထား​ပါတယ်။
မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်
မိုး-ဇလ ကြေညာချက် မနက် ၉း၃၀
ရခိုင်ပြည်နယ် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန အင်တာနက် ၀က်ဘ်ဆိုက်မှာ ကြေညာပါတယ်။
ဒီနေ့မနက် ၉း၃၀ နာရီ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုး-ဇလကြေညာချက်က ဆိုပါတယ်။
ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့လည်း ဆိုပါတယ်။
http://www.moezala.gov.mm/index.php?option=com_content&view=category&layout=blog&id=12&Itemid=3&lang=my
မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်
နေ့စဉ်မိုးလေ၀သ သတင်း
၂၀၁၁ အောက်တိုဘာ ၁၉ ရက် နံနက် ၇း၀၀နာရီ ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော် အခြေအနေ
ယနေ့နံနက် မြန်မာစံတော်ချိန် ၀၅၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ခြင်း ရှိမရှိ စောင့်ကြည့်လျက်ရှိပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိ ခန့်မှန်းချက်
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်
ရခိုင်ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ ကျန် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်
မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

No comments: