Thursday, October 20, 2011

မလေးရှား-မြန်မာ အထိန်းသိမ်းခံ လဲလှယ်ရာမှာ ဒုက္ခသည် မပါ

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၆ မိနစ်

နယူးဒေလီ( မဇ္ဈိမ) ။       ။ မြန်မာနှင့် မလေးရှားနိုင်ငံတို့ အထိန်းသိမ်းခံများ လဲလှယ်ရေး အစီအစဉ်တွင် နိုင်ငံရေး
ကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့သော ဒုက္ခသည်များ မပါဝင်ကြောင်း မလေးရှားဝန်ကြီးက ပြောလိုက်သည်။

အဆိုပါအစီအစဉ်အား မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် သဘောတူညီချက် မရမီ ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် စစ်ဆေးပြီးဖြစ်၍ ပြန်ပို့မည့် အထိန်းသိမ်းခံ တထောင်ထဲတွင် ခိုလှုံခွင့်
လျှောက် ထားသူများနှင့် ဒုက္ခသည်များ မပါဝင်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein က အင်္ဂါနေ့တွင် သတင်းထောက်များအား ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တကယ့် ဒုက္ခသည် အကျုံးဝင်သူတွေကို မဟန့်တားပါဘူးလို့၊ ကျနော့် UNHCR ကို ပြောထားပြီးသားပါ။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ လူတွေ စုပြုံနေဖို့အတွက် ဒုက္ခသည်လက်မှတ်ကို အသုံးချတာမျိုးတော့ မလုပ်ကြပါနဲ့” ဟု ဝန်ကြီး က ပြောသည်။

မလေးရှားရောက် မြန်မာအများစုမှာ ခိုလှုံခွင့် တောင်းခံကြသူများ ဖြစ်သည့် အတွက် အဆိုပါ လဲလှယ်ရေး အစီအစဉ် အား စိုးရိမ်ပူပန်မှု ဖြစ်နေသော NGO များ ဖြစ်ကြသည့် Migrant Care Malaysia နှင့် Tenaganita တို့အား တုန့်ပြန်
ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများအား ထိန်းသိမ်းထားရာ စခန်း (၁၃) ခုရှိပြီး ထိုစခန်းများတွင်
မြန်မာ သုံးထောင်ခန့် ရှိကြောင်း Burma Campain – Malaysia မှ တာဝန်ခံ ကိုထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

“ရာဇဝတ်မှုတွေနဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအရ ထောင်ကျ၊ ထောင်သက်တမ်း ကုန်တော့ အလုပ်ပါမစ်နဲ့ ဗီဇာကုန်တော့ ထိန်းသိမ်းရေး စခန်းကို ပို့လိုက်တာ။ တချို့က တရားမဝင် အလုပ်သမားတွေပါ” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် (အသိအမှတ်ပြုပြီးသူနှင့် လျှောက်ထားဆဲ) တသိန်းကျော် အပါအဝင် မြန်မာနိုင်ငံသား ငါးသိန်းခန့်ရှိကြောင်း Burma Campain – Malaysia က ခန့်မှန်းရာ အင်ဒိုနီးရှားများပြီးရင် ဒုတိယ အများဆုံး အဖြစ်
မြန်မာက လိုက်သည်။

မလေးရှားတွင် သြဂုတ်လက စတင်ခဲ့သည့် တရားမဝင် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအတွက် 6P အစီအစဉ်အရ လက်ဗွေနှိပ်ပြီးသူ မြန်မာနိုင်ငံသား နှစ်သိန်းခွဲကျော်ရှိပြီး လအနည်းငယ်အတွင်း တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးမှု လုပ်လာနိုင်သည်ဟု မြန်မာ့အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုထားကြသည်။

မလေးရှားနိုင်ငံရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဉာဏ်ဝင်းကမူ အဆိုပါ အစီအစဉ်မှာ နိုင်ငံရင်း
ပြန်ရန် ခက်ခဲနေသူများအား ပြန်ပို့နိုင်ရန် စီစဉ်ခြင်း ဖြစ်ပါက ကောင်းမွန်ကြောင်း မဇ္ဈိမကို ပြောသည်။

“ပုံမှန်အားဖြင့်တော့ ယူအဲန် အထောက်အထား ရှိပြီးသွားပြီဆိုရင် ပြန်ပို့ဖို့စီစဉ်တာ တခါမှ မကြားမိပါဘူး။ အဲဒီ ပြန်ပို့ မယ့် တထောင်က ဗမာပြည်ပြန်ဖို့ လျှောက်ထားခတို့၊ လေယာဉ်စရိတ်တို့ မပေးနိုင်ကြဘူး။ အဲလို လူတွေကို မလေးရှား အစိုးရ နဲ့ မြန်မာအစိုးရ ပေါင်းပြီးတော့ လဲလှယ်ရေးလုပ်တယ်လို့ ယူဆတယ်။ အဲလိုသာဆိုရင် ကောင်း တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မလေးရှားရောက် မြန်မာဒုက္ခသည် အများစုမှာ ချင်းနှင့် ကရင်လူမျိုးများဖြစ်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အတွက်  ကွန်မြူနတီ အသီးသီး ဖွဲ့စည်းထားကာ ယင်းကွန်မြူနတီ အဖွဲ့ဝင် ကတ်များ ကိုင်ဆောင်ထားကာ နားလည်မှုဖြင့် နေထိုင်ကြရသည်။

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသော မလေးရှားနိုင်ငံသား အရေအတွက်ကိုမူ စီစစ်နေဆဲဖြစ်ကြောင်း သိရသည်

No comments: