Friday, September 9, 2011

သွေးခွဲရန် အစိုးရကြိုးပမ်းဟု ပဒိုမန်းရှာ သားသမီးများပြော

( လူတွေရဲ့ဦးနှောက်တွေကိုခွဲစိပ်တဲ့ဒေါက်တာစိုင်မွန်သာ- သူ့ဦးနှောက်ကို နအဖ ကခွဲစိပ်ခဲ့တာမသိရှာဘူး)
ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် ကေအန်ယူခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏သား နာဒါးမြ ပါဝင် ဆက်နွယ်သည် ဆိုသော အထောက်အထား မရှိကြောင်းနှင့် ကရင်အမျိုးသား အချင်းချင်း သွေးခွဲရန် မြန်မာ အစိုးရမှ ကောလဟလ
ဖြန့်မှုဟု ပဒိုမန်းရှာ၏ သားသမီးများက ပြောဆို လိုက်ကြသည်။

သြဂုတ်လ ၃ဝ ရက်နေ့က ဝီကီလိခ် အင်တာနက် စာမျက်နှာများတွင် ပေါက်ကြားလာသည့် ရန်ကုန်အခြေစိုက် အမေရိကန် နိုင်ငံခြားရေးရုံးမှ ပေးပို့သည်ဟု ယူဆရသည့် လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ၂၀၀၈ ခုနှစ်
ဖေဖော်ဝါရီလအတွင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံမခံရမီ ရက်အနည်းငယ် အတွင်း နာဒါးမြက အမည်မဖော်လိုသူ DKBA အရာရှိ တဦးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု မြန်မာစစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိ တဦး၏
ပြောဆိုချက်အရ ဒေါက်တာဆိုင်မွန်သာက ပြန်လည် ပြောပြသည်ဟု ပါရှိသည်။

စောဆေးဆေးဖန်း၊ နန့်ဘွယ်ဘွယ်ဖန်း၊ နန့်ဇိုရာဖန်းနှင့် စောစလုံးဖန်းတို့ ပူးပေါင်း ထုတ်ပြန်ချက်ထဲတွင်
“ အာဏာရှင်ဟာ ကျနော်၊ ကျမတို့ လူထုကို သွေးခွဲဖို့ အမြဲတမ်းကြိုးစားနေတယ်။ ဒီလို (သွေးခွဲဖို့) အတွက်
ကျနော်၊ ကျမတို့ အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြားအောင် ကြိုးစားတာအပြင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့ပြီးလည်း ဖြစ်တယ်။”ဟု ပါရှိသည်။

ထို့အပြင် လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် KNLA တပ်မှ ဗိုလ်မှူးကြီး နာဒါးမြ ပါဝင်ပတ်သက်သည့် အထောက်အထား မရှိကြောင်းနှင့် “အထောက်အထား မရှိဘဲ အတင်းအဖျင်းတွေ ကောလဟလတွေ ဖြန့်ချိရင် အာဏာရှင်ကိုပဲ အမြတ်ထွက်စေပါလိမ့်မယ်။ အတင်းအဖျင်းတွေ ကောလဟလတွေအပေါ် အာရုံမထားဖို့ ကျမတို့ ပြောချင်ပါတယ်။ ကျမတို့ အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်အောင်ပါ” ဟု အသိပေးလိုက်သည်။

ပဒိုမန်းရှာသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က
သေနတ်သမား နှစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သူ အသက်ရှင်စဉ်က KNU နှင့် အစိုးရကြား ဆွေးနွေးရာတွင် ကေအန်ယူဘက်မှ ချမှတ်ထားသည့်မူနှင့်
ပတ်သက်ပြီး အလျော့ပေးလေ့ မရှိခဲ့ပေ။ မကွယ်လွန်ခင် နှစ်ရက် အလိုက “တိုင်းပြည် ပြိုကွဲစေမယ့် အကြောင်းတရားက အာဏာရှင် စနစ်ပဲ။ အာဏာရှင်စနစ်က ဒီနေ့ ပြုတ်ရင် တိုင်းပြည်က ဒီနေ့ စည်းလုံး
သွားမှာပဲ၊ ဒါကို ကျနော်တို့ ယုံကြည်တယ်။” ဟု ပြောခဲ့ဖူးသည်။

အမေရိကန်သံရုံး ကြေးနန်းစာတွင် ကိုးကားဖော်ပြထားသည့် ဒေါက်တာ ဆိုင်မွန်သာမှာ ကရင်လူမျိုးတဦး ဖြစ်ပြီး ဗိုလ်ချုပ်ကြီးမြ လက်ထက်က မြန်မာအစိုးရနှင့် ဆွေးနွေးပွဲဖြစ်အောင် ကြားဝင် စေ့စပ်ပေးသူများ အထဲမှ တဦး
ုဖြစ်သည်။

သူသည် ဦးနှောက်နှင့် အာရုံကြော အထူးကု ခွဲစိတ် ဆရာဝန်ကြီး တဦးဖြစ်ကာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်
တွင် ‘ကွယ်ကဘော်’ ဆေးရုံ ဖွင့်လှစ်ထားသူလည်းဖြစ်ရာ မြို့နေ ကရင်လူထု အသိုင်းအဝိုင်းအကြား ထင်ရှား
သည့် ပုဂ္ဂိုလ်တဦး ဖြစ်သည်။

ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက်မူ ရှိမည်ဟု ယုံကြည်သူ အချို့ရှိကြောင်း၊ သို့သော် မည်သူမည်ဝါ လက်ချက် ဆိုသည်ကို မသိရှိနိုင်ကြောင်းလည်း အမေရိကန် သံရုံးက ပေးပို့ခဲ့သည်ဟု ဝီကီလိခ်
ပေါက်ကြား ကြေးနန်းတွင် ပါရှိသည်။

ထို့အပြင် လုပ်ကြံသတ်ဖြတ်မှု အပြီး နာရီပိုင်း အတွင်း ဗိုလ်မှူးချစ်သူ၏ DKBA ၉၉၉  တပ်ရင်းမှ သုံးယောက်သည် အနက်ရောင် ပစ်ကပ်ကားကို ပစ်ထားခဲ့ပြီး ကရင်ပြည်နယ်တွင်းရှိ ၉၉၉  ထိန်းချုပ်ရာ နယ်မြေထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည် ဆိုသော အပြောများကို ဒေါက်တာဆိုင်မွန်သာက ကြားသိခဲ့ရကြောင်း ကြေးနန်းတွင် ဖော်ပြ ထားသည်။ သို့သော်ငြားလည်း မျက်မြင်သက်သေများ ကိုယ်တိုင် ပြောခြင်း မဟုတ်ဘဲ တဆင့်စကားများ
ဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။

ဝီကီလိခ် ပေါက်ကြားမှုများတွင် ယခင်ကလည်း မြန်မာနိုင်ငံ အကြောင်းများ ပါရှိခဲ့သော်လည်း ပြီးခဲ့သည့်
သောကြာနေ့က ထွက်ပေါ်လာသည့် ကြေးနန်းများတွင် မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် ကြေးနန်းများ ရာနှင်ချီ ပါရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေးနန်း စုစုပေါင်း ၃,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

 

ဝီကီလိဖော်ပြချက် ပဒိုမန်းရှာမိသားစု မယုံကြည်

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ၏သား ဗိုလ်မှူးနဒါးမြ ပါဝင်ပတ်သက်ဖွယ် ရှိသည် ဆိုသည့် ၀ီကီလိတွင် ပါဝင်သော သတင်းကို ပဒိုမန်းရှာ၏မိသားစုက မယုံကြည်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်ထောက်လှမ်းရေးအရာရှိတဦး၏ ယူဆချက် ဆိုသည်ကို ကရင်တိုင်းရင်းသားတဦးဖြစ်သော ဒေါက်တာစောဆိုင်မွန်သာက ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကို ပြောပြရာမှ ထိုကြေးနန်းစာ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ပဒိုမန်းရှာ၏ သမီး မဇိုရာဖန်းက ဧရာဝတီကို ပြောသည်။

“စစ်အာဏာရှင်တွေက ကျမတို့ ပြည်သူတွေ စိတ်ဝမ်းကွဲပြားအောင်လုပ်ဆောင်နေကြပါ။ သူတို့က ကျမတို့ အချင်းချင်း ကြား မယုံကြည်အောင်နည်းမျိုးစုံ သွေးခွဲသပ်လျှိုလုပ်နေကြတာပါ။ ကျမတို့ဖေဖေ လုပ်ကြံခံရတဲ့ကိစ္စမှာ ဗိုလ်မှူး နဒါးမြ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး” ဟု ဇိုရာဖန်းက ပြောသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး မိသားစုက တနင်္လာနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ရာ ပဒိုမန်းရှာလုပ်ကြံခံရမှုတွင် တရားခံမှာ မြန်မာနိုင်ငံ၏ အာဏာရှင်စနစ် ဖြစ်ကြောင်း၊ စစ်အာဏာရှင် ကျောထောက်နောက်ခံပေးထားသည့် ကရင်လူမျိုးများကိုယ်တိုင်က ပဒိုမန်းရှာကို လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်သည့်အတွက် လွန်စွာ ၀မ်းနည်းမိပါကြောင်း ရေးသားထားသည်။

ပဒိုမန်းရှာသည် ဖိနှိပ်မှုကို ဆန့်ကျင်နေကြသည့် မြန်မာပြည်သူအားလုံး စည်းလုံး ညီညွတ်ရေး၊မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကောလာဟလများကို ဂရုမစိုက်ရန်လည်း ကြေညာချက်တွင် ရေးထားသည်။

အမေရိကန်သံအရာရှိနှင့် တွေ့ဆုံစဉ် ဒေါက်တာစောဆိုင်မွန်သာက "အစိုးရနှင့် စေ့စပ်လိုသည့် ဗိုလ်မှူး နဒါးမြက စေ့စပ်မှု မလိုလားသည့် ပဒိုမန်းရှာကို နှစ်သက်ခြင်းမရှိ" ဟူသော သူ ကြားထားသည့် ကောလာဟလ တခုကို ပြောပြခဲ့သည်ဟု ၀ီကီလိ ကြေးနန်းစာက ဆိုသည်။

ပဒိုမန်းရှာ လုပ်ကြံမခံရခင် ရက်ပိုင်းအလိုတွင် ဗိုလ်မှူးနဒါးမြက DKBA အရာရှိတဦးနှင့် တယ်လီဖုန်း ဆက်သွယ်မှု ရှိခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေးတဦးကို ကိုးကားပြီး စောဆိုင်မွန်သာက ပြန်ဖောက်သည်ချခဲ့ကြောင်း ကြေးနန်းစာတွင် တွေ့ရသည်။

“မည်သည့်အတွက်ကြောင့် လုပ်ကြံခဲ့ပြီး၊ လုပ်ကြံမှုတွင် မည်သူတို့ ပါဝင်သည်ဟူသော ခိုင်မာသည့် သက်သေအထောက်အထားကို မတွေ့ရှိရသေးကြောင်း (ဒေါက်တာ) ဆိုင်မွန်သာက ပြောဆိုသည်” ဟု ကြေးနန်းစာတွင် ရေးထားသည်။

ဦးနှောက်နှင့် အာရုံ ကြောဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစောဆိုင်မွန်သာသည် KNU နှင့် အစိုးရကြား စေ့စပ်ပေးနေသူတဦးဖြစ်သည်။

KNU ထိပ်တန်းခေါင်းဆောင် ပဒိုမန်းရှာသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နေအိမ်တွင် ရှိနေစဉ် သေနတ်သမား ၂ ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ရာ ထို သေနတ်သမားတို့မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) မှ ဖြစ်သည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။ ထို ၂ ဦးအနက် ဗိုလ်စံပြုံး ဆိုသူသည်လည်း နောက်တနှစ်ကျော်အကြာတွင် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်အတွင်း ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည်။

ဖဒိုမန်းရှာသည် ၁၉၆၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီးနောက် တောခိုကာ ကရင့် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ အသက် ၆၄ နှစ်အရွယ် ကွယ်လွန်ချိန်အထိ ဖြစ်သည်။



No comments: