Sunday, September 4, 2011

ကျနော်သိတဲ့ ဖာတီး မန်းငြိမ်းမောင် အကြောင်း တစေ့အစောင်း

ကေအဲန်ယူ ရှေ့တန်းကနေ တဆင့် ကေအဲန်ယူ ဗဟိုကို ရောက်လာတဲ့ အသက် အပြည့်သေးသူ တပ်ပြေး ဗမာ စစ်သားလေးကို ကျနော် ဓါတ်ပုံရိုက် ကိုယ်ရေး အချက်အလက် တွေ ယူနေတဲ့ အချိန်မှာပဲ ဖာတီး မန်းငြိမ်းမောင် တယောက် လွယ်အိပ်ကို စလွယ်သိုင်းပြီး စက်ဘီးနဲ့ ရောက်လာပါတယ်။ ဓါတ်ပုံ မှတ်တမ်းအတွက် သူ့ရဲ့ စစ်တပ် ယူနီဖောင်းကို ၀တ်ထားတဲ့ ဗမာ စစ်သားလေးကို မြင်မြင်ချင်းပဲ ဖာထီး မန်းငြိမ်းမောင်က ”မင်းနာမယ် ဘယ်လိုခေါ်လဲ”မေးခွန်း ကနေ စပြီး မင်းနဲ့ စတဲ့ မေးခွန်းပေါင်း မြောက်များစွာကို တရစ မေးပါတော့တယ်။ မေးခွန်းကို မေးနေရင်း ဒေါသသံ တွေနဲ့အတူ တခုခုကို မကျေမနပ်တဲ့ မျက်နှာထားမျိုး သူ့ရဲ့ မျက်နှာပေါ်မှာ အထင်းသား ပေါ်နေတာကို စာရေးသူ သတိထား လိုက်မိပါတယ်။
ဖာတီး မန်းငြိမ်းမောင်( ဓါတ်ပုံ-ဧရာဝတီ) 
စစ်တပ် ယူနီဖောင်း ၀တ်ထားပြီး စစ်တပ်ရဲ့ အောက်မှာ ပုံစံသွင်း ခံရကာ ရက်စက်တဲ့ အာဏာရှင် စစ်တပ်ရဲ အငွေ့အသက်တွေ စရိုက်တွေ မကုန်သေးတဲ့ ဗမာစစ်သားလေးကို မြင်တဲ့အချိန်မှာ စိတ်မထိန်း နိုင်ရလောက်အောင် ဖြစ်လာရတာပဲလို့ စာရေးသူ ယူဆမိပါတယ်။ သူ့ရဲ့ ဘ၀မှာ ခေတ်အဆက်ဆက် မြန်မာပြည် အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မျက်မြင် တွေ့ခဲ့ရတဲ့အပြင်  သူ ကိုယ်တိုင်လည်း အာဏာရှင်တွေရဲ့ အကြိမ်ကြိမ် နှိမ့်စက်မှုကို ခံရပြီး အာဏာရှင်တွေကို သေမလောက် ရွံရှာ မုန်းတီးသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်ကနေ အတင်း စုဆောင်း ခံရပြီး ဘာမှ မသိနားမလည်ပဲ ထွက်ပြေးလာတဲ့ အဲဒီ စစ်သားလေးကို စိတ်မထိမ်းနိုင်တော့ပဲ အဲလိုမျိုး ဆက်ဆံလိုက်မိတာပဲ ဖြစ်ပါတယ်။

သူလိုချင်တဲ့ မေးခွန်းလေး တချို့ကို မေးပြီး ငါမေးတာကို မလိမ်ပဲ ပြောရင် မင်းကို မုန့်ဖိုး ဘတ်၁၀၀ပေးမယ်လို့  ပြောပြီး သူ့စိတ်ကို တဖြည်းဖြည်းနဲ့ ပြန်ထိမ်းလိုက်ပါတယ်။ မေးခွန်းတွေ မေးအပြီးမှာတော့ ဘတ်ငွေ ၁၀၀ကို ထုတ်ပေးလိုက်တဲ့အပြင် ဒီမှာနေရင် လိမ်လိမ်မာမာနေ မခိုးနဲ့ မ၀ှက်နဲ့ လိုအပ်တာရှိရင် ပြော-- ဆိုပြီး  သားလို သမီးလို ဆုံးမကာ ထပြန်သွားပါတယ်။ ကျနော့ကိုတော့ ဆောရီးပဲ ဖိုးဒိုခွားဆိုပြီး စက်ဘီးပေါ်ကနေ လှမ်းပြောသွားပါတယ်။ သူပြန်သွားပြီးတဲ့ အချိန်မှာတော့ ကျနော်နဲ့ အတန်အသင့် ရင်းနှီးစ ပြုလာတဲ့ အဲဒီစစ်သားလေးက ဘယ်လိုလူကြီးလဲ မသိဘူးဆိုပြီး ကျနော့ကို ပြောသွားပါသေးတယ်။ ဒါပေမယ့် အဆိုပါ လူကြီး ဆိုသူရဲ့ မမြင်ရတဲ့ ရင်ထဲက ခံစားချက် နာကျင်ချက်တွေကိုတော့ အဲဒီ စစ်သားလေး သိနိုင် နားလည်ပေးနိုင် မြင်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။

တကယ်တော့ ဖာတီးရဲ့ ရင်ထဲမှာ အမှန်တရားကို လိုလားတဲ့ အရာတွေ တလုံးတခဲနဲ့ အပြည့်အ၀ရှိတယ်။ မတရားမှုကို ခေါင်းငုံ့မခံဘူး။ ဒါကြောင့်လည်း အာဏာရှင်စနစ် ပြိုလဲအောင် ကိုယ်ကျိုးမငဲ့ပဲ တိုက်ပွဲဝင်ပြီး အာခံခဲ့တယ်။ အာခံခဲ့မှုတွေကြောင့် သူ့ကို လူမဆန်စွာ အမျိုးမျိုး နှိမ့်စက်ကလူ ပြန်ပြုခဲ့ကြတယ်။ သူ့ခန္ခာကိုယ်၊ သူ့ ခံယူချက်၊ သူ့ယုံကြည်ချက်၊ သူ့ဘ၀တခုလုံးကို ဖျက်ဆီးခဲ့ကြတယ်။ ဒါပေမယ့် အဲလို ဖျက်ဆီးခဲ့ကြပေမယ့်လည်း သူ့ခံယူချက်တွေ သူ့ယုံကြည်ချက်တွေ ပျက်မစီး သွားခဲ့ပါဘူး။ ပိုပြီးတော့ပင် မာလာစေပါတယ်။ ရင့်ကျက်လာစေပါတယ်။

ဒါတွေ မကသေးပါဘူး။ ရက်စက် ကြမ်းကြုတ်တဲ့ အာဏာရှင် စနစ်ကို မုန်းတီးတယ်ဆိုတဲ့ အရာတွေ သူ့ရဲ့ ရင်ထဲ နှလုံးသားတွေထဲမှာ အပြည့်အ၀ ရှိနေတယ်။ မတရားပဲ နိုင်ငံကို တက်အုပ်ချုပ်နေတဲ့ အာဏာရှင်ကို အလိုမရှိပါဘူး။ လက်နက်ကိုင်ပြီး တိုင်းရင်းသားတွေ၊ ရဟန်းရှင် ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့ အာဏာရှင်စနစ်ကို အပြီး အပိုင် အကုန်အစင်နဲ့ ချုပ်ငြိမ်း စေချင်တဲ့ သူပါ။ နောက်ပြီး သူ့ရဲ့ ရင်ထဲ နှလုံးသားထဲနဲ့ ယုံကြည်ချက်တွေထဲမှာ စစ်မှန်တဲ့ မြန်မာပြည် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ အခိုင်အမာ ရှိနေတာပဲ ဖြစ်ပါတယ်။

ကြားနေရတဲ့ သတင်းတွေလို မဟုတ်ပဲ ဖာတီးတယောက် ဘေးမသီ ရန်မခပဲ အမြန်ဆုံး ပြန်လာပြီး အပြီးဆုံးသေးတဲ့ တော်လှန်ရေး တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ပါစေ။

No comments: