Sunday, September 4, 2011

ခလောက်နို့သားတယောက်ကဲ့သို့ မတွေးမိစေလိုပါ

riday, September 2, 2011



ခလောက်နို့သားတယောက်ကဲ့သို့

မတွေးမိစေလိုပါ
(မင်းစိုးစံ)

ဒီနှစ်ကျုပ်နေတဲ့ မြို့ကလေးက အရင်တုန်းကနှစ်တွေထက် ပိုပူလာတယ်ဗျ။ ရာသီဥတုတွေကပြောင်း လွဲလာတာပဲလား လူတွေကပဲပြောင်းလွဲနေတာလားတော့မပြောတတ်ဘူး ပူတာကတော့အတော်လေး ကိုပူတယ်။ ဖွင့်ထားတဲ့အဲယားကွန်ဒေးရှင်းကလည်း မအေးတော့ဘူး၊ ပန်ကာကျတော့ လေပူတွေ ထုတ်နေသလားမှတ်နေရတယ်။

ရာသီဥတုပူတော့ အေးတာလေးလိုကြသလို အေးပြန်တော့လည်း နွေးနေတာကို တမ်းတကြပြန်တယ်။ အေးလွန်းပူလွန်းပြန်တော့ မပူမအေးတာမျိုးတမ်းတကြပြန်ရော။
ဒါကြောင့် လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားပုံပေါ်လာတာ များလားမသိ။

အဲဒီစကားပုံပေါ်လာတာကလည်း တကယ့်ကို လူ့အလိုနတ်မလိုက်နိုင်တာပါပဲ ဟိုးလွန်ခဲ့တဲ့ကာလတခု တုန်းက လူတယောက်အလိုကို သကြားမင်းကဖြည့်ခဲ့ပေးဘူးတယ်ဆိုပဲ။
သကြားမင်းဆိုတာက အင်မတန် တန်ခိုးကြီးတာကလား။

အဲဒီလူတယောက်ဟာ လူ့ပြည်မှာ အချမ်းသာဆုံး လူတယောက်ဖြစ်ချင်တာကို သကြားမင်းက
သူ့တန်ခိုးနဲ့ချမ်းသာစေတယ်၊ နတ်ပြည်က နတ်သမီးလေးတွေနဲ့အတူနေချင်တယ်ဆိုပြန်တော့လည်း နေစေ ပေါ့လေ
အဲဒါနဲ့ အဲဒီလူက မတော်နိုင်သေးပဲ သကြားမင်းရဲ့ကြင်ယာတော်နဲ့နေချင်တယ်ဆိုတော့ အဲဒီ မှာတင် လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့ စကားပုံ ပေါ်လာတာပဲတဲ့။

နတ်သကြားတွေခေတ်ဆိုတော့ အတော်ကြာခဲ့ပြီပေါ့ဗျာ။ ဒါပေမယ့် ဒီကနေ့ သိပ္ပံခေတ်ရောက်နေတာ တောင် ကျုပ်တို့မြန်မာစစ်အစိုးရက မြန်မာပြည်သူလူထုတွေ အဲဒီလိုတောင်းမှာကိုကြိုတင်ကာကွယ် တဲ့အနေနဲ့ တတိုင်းပြည်လုံးငြိမ်ဝတ်ပိပြားနေအောင် စစ်အုပ်ချုပ်ရေးဆိုတာကို အတည်ဖြစ်အောင် လုပ်နေရှာတာပါ။

သိပ္ပံခေတ်မရောက်ခင် ဟိုးပဒေသရာဇ်အုပ်ချုပ်ရေးခတ်တုန်းကလည်း တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်တပါးနဲ့ သူ့ရဲ့သက်တော်ရှည်အမတ်ကြီးတို့ တိုင်းရေးပြည်ရာနဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ကြ တာလေး ပြန်ရေးပြမယ်ဗျာ။

ကြားဘူးပြီးသား သိပြီးသား စာဖတ်သူတွေအနေနဲ့ နည်းနည်းလေးသည်းခံပေးစေလိုပါတယ်၊ ကျုပ်တို့ ခေတ်တုန်းက မဆလ ခေတ်(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) မြန်မာ့နည်းမြန်မာ့ဟန်လမ်းစဉ်ပေါ့ဗျာ ရေဒီယိုတွေမှာလည်း မြန်မာ့နည်းမြန်မာ့ဟန်လမ်းစဉ်အောင်ရမည် ဆိုတဲ့ဝါဒဖြန့်ချိရေးသီချင်းတွေက တလွင်လွင်နဲ့ပေါ့။

အဲဒီလိုအချိန်မျိုးမှာ ရွှေသွေးဂျာနယ်ဆိုတာရှိတယ် အဲဒီမှာ ကာတွန်းလေးတခုရေးထားတာက ကာ တွန်းဆရာဘယ်သူလဲ ဆိုတာတော့မမှတ်မိတော့ဘူး၊ တိုင်းပြည်ငြိမ်းချမ်းသာယာအောင်ဘယ်လိုလုပ်လျင်ကောင်းမလဲဆိုတဲ့ မေးခွန်းလေးပါ ဘုရင်ကြီးက တိုင်းပြည်ဧချမ်းဘို့ဆိုလျင် ပြည်သူလူထုတွေဆိုတာက ကလေးတွေပဲသူတို့တောင်းသမျှပေးလိုက် လျင် ဧချမ်းသာယာမယ်ဆိုပြီးပြောလိုက်သတဲ့။

အဲဒါကို အမတ်ကြီးက ကန့်ကွက်သတဲ့ ပြည်သူလူ ထုဆိုတာကလေးတွေဆိုတော့ကာ တောင်းသမျှပေးလို့မဖြစ်ပါဘူး၊ ဘုရင်မင်းမြတ်မယုံလျင် ကျွန်တော်မျိုး ကလေးနေရာကနေပါ့မယ် ဘုရင်မင်းမြတ်အနေနဲ့ မိဘနေရာကနေ လိုအပ်သမျှဖြည့် ဆည်းပေးပါဆိုပြီး နှစ်ယောက်သား ကလေးနဲ့မိဘ လုပ်တမ်းကစားကြပါသတဲ့။

အမတ်ကြီးက ခြေဆောင့်ငိုယိုပြီး အိုးပုတ်ပေးပါ အိုးပုတ်ပေးပါ အိုးပုတ်လေးနဲ့ ကစားချင်တယ် ဆိုသ တဲ့၊ ဘုရင်ကြီးကလည်း အိုးပုတ်ပေးလိုက်သတဲ့။ တိုတိုပဲပြောမယ်ဗျာ အဲဒီလိုတခုပြီးတခုတောင်းနေရာ ကနေ နောက်ဆုံး အမတ်ကြီးက ဆင်တကောင်လိုချင်တယ် ဆိုပြီးတောင်းတော့ ဘုရင်ကြီးကလည်း တကယ့်ဆင်ကြီးတကောင်ပေးလိုက်သတဲ့။

အဲဒီလိုဆင်ကြီးလည်းရရော အမတ်ကြီးက ဆင်ကြီးကို ဟောဒီအိုးပုတ်ထဲ ထည့်ပေးပါလို့ပြောပြီးငိုပါ လေရောတဲ့ဗျာ။
အဲဒီပုံပြင်တိုလေးကိုအမှတ်သညာပြုပြီး အုပ်ချုပ်လာလိုက်တာ ဒီနေ့အထိဆိုတော့ နှစ်ပေါင်းလေး ဆယ် ရှိနေပြီလေ ဒီတော့ မကောင်းတဲ့အကျင့်ဆိုးဆိုတာ နုနယ်တဲ့အချိန်မှာ ပြင်လို့ရပေမယ့် ရင့်မာ လာတဲ့ အခါဘယ်လိုမျှ ပြင်လို့မရနိုင်တော့ဘူးလေ။ ခွေးဆိုတာမျိုးက ကြီးလာမျှလက်အပေးသင်လို့မ ရနိုင်တော့သလို မဟာဗမာစစ်အစိုးရခမျာလည်း ဘယ်ကနေစဘယ်လိုပြုပြင်ရကောင်းမှန်း မသိရှာ တော့ပါဘူး။

အဲဒီလိုပြောတော့ မင်းစိုးစံ ဆိုတဲ့လူကတော့ မဟာဗမာစစ်အစိုးရကို နည်းနည်းလေးမျှအကောင်းမမြင် တဲ့ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်သမား စသည်စသည်ဖြင့်ပြောကြမလားမသိဘူး။ မပြောခင်သတိတော့ထားဗျ အဲဒါတွေကို နေ့စဉ်ထုတ်သတင်းစာတွေမှာ လုံးဝမရေးခိုင်းတော့သလို ဘီ ဘီစီ ဗွီအိုအေ အာရ်အက်အေ ဒီဗွီဘီ စတဲ့အသံလွှင့်သတင်းဌာနတွေကိုတောင် မိုးလုံးပြည့်မုသားဝါဒ အသံလွှင့်ဌာနဆိုတဲ့ စာသားတောင်မရေးတော့ဘူးနော်။

သတင်းစာတွင် ဖော်ပြသည့် ဆောင်ပုဒ်အချို့ ပြန်ရုပ်သိမ်း
Sunday, 28 August 2011
ရန်ကုန်၊ သြဂုတ် ၁၈ - နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသော ဆောင်ပုဒ်အချို့အား သြဂုတ် ၁၆ ရက်မှစတင်ကာ ရေးသားဖော်ပြမှု မရှိတော့ကြောင်း သိရသည်။
ဘီဘီစီ၊ ဗွီအိုအေ ရန်တိုက်ပေးနေသည်။ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ သွေးထိုးနေသည်။ ခလောက်ဆန် အကောက်ကြံလေလှိုင်းသံလူသတ်သမား နားမယောင်လေနဲ့ သတိထားစသည့် မြန်မာဘာသာဖြင့် ထုတ်လွှင့်နေသည့် မြန်မာပိုင်းအစီအစဉ် အသံလွှင့်ဌာနများကို ရည်ညွှန်းကာ ရေးသားဖော်ပြသော စာသားဆောင်ပုဒ်များကို သတင်းစာနောက်ကျောတွင်ဖော်ပြမှုမရှိတော့ခြင်းဖြစ်သည်။ ဒါတင်မကသေးဘူး မီဒီယာရဲ့အသံကို နာခံမယ်ဆိုတာလေးလည်း ပြောသွားသေးတယ်မဟုတ်လား။

အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်း အတည်ပြု
ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်သမား ဝန်ကြီး ဦးအောင်ကြည် အဆိုပြု တင်သွင်းတဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေမူကြမ်းကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက် ကြောင်း သိရပါတယ်။ ကဲမြင်တယ်ဟုတ်၊ ပြုပြင်နေတာ။ ဒါတင်လားဆိုတော့ မကသေးဘူး သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင်လုပ်တာလေးကြည့်ကြပါဦး။

ပြည်သူများ မိမိတို့တွင် နစ်နာမှုများရှိပါက နိုင်ငံတော်အကြီးအကဲသို့ အကြောင်းကြားတင်ပြနိုင် နိုင်ငံတော် သမ္မတရုံးသို့ ပြည်သူများ၏ နစ်နာချက်အမျိုးမျိုး တင်ပြမှု ၅၈၅ ခု ရှိကြောင်း သိရ
Wednesday, 24 August 2011
နိုင်ငံတော်အတွင်း၌ ပြည်သူများ အနေဖြင့် မိမိတို့တွင် နစ်နာမှုများအတွက် နိုင်ငံတော် အကြီးအကဲများ အပါအဝင် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြား ပြောဆိုနိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော် သမ္မတရုံးသို့ ပြည်သူများ၏ နစ်နာချက်အမျိုးမျိုး တင်ပြမှု ၅၈၅ ခုရှိကြောင်း ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။
နောက်တခုကိုလည်းကြည့်ပါဦး။

ဆင်းရဲနွမ်းပါးမှု လျော့ကျရေးအစီအစဉ် ရန်ကုန်တိုင်းဒေသကြီးတွင် စတင်လုပ်ဆောင်ပြီ
ရန်ကုန်၊ သြဂုတ် - ၃
ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီးတွင် စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း သိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးစီမံကိန်းအတွက် ကနဦးဆောင်ရွက်မှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်များတွင် စစ်တမ်းများ ကောက်ယူ နေသည်ဟု သိရသည်။
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအစီအစဉ်တွေကို ဆောင်ရွက်နေရုံမက အကျင့်ပျက်ဝန်ထမ်းတွေကိုပါ အရေးယူမယ် ဆိုတာတွေကို လုပ်တော့မယ့်အခြေအနေတောင်ရောက်နေပြီမဟုတ်လား။

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ရာတွင် အကျင့်ပျက်ဝန်ထမ်းများရှိပါက တိုင်ကြားနိုင်ပြီး ထိရောက်စွာအရေးယူသွားမည်

Thursday, 11 August 2011
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် အကျင့်ပျက် ဝန်ထမ်းများရှိပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
မြန်မာစစ်အစိုးရက ပြည်သူတွေအပေါ်အနစ်နာခံလိုက်ပုံများ ချီးကျူးစရာဗျာ။

မြန်မာ့စာပို့တိုက်လုပ်ငန်း တစ်နှစ် ကျပ်သန်းထောင်ကျော် အရှုံးခံဝန်ဆောင်မှုပေး

ရန်ကုန်၊ ဇူလိုင် - ၂၉ မြန်မာ့စာပို့တိုက်လုပ်ငန်း၏ ဝန်ဆောင်မှုများအတွက် တစ်နှစ်လျှင် ကျပ်သန်းပေါင်း ၂,၅၀၀ ကျော် အကုန်အကျခံ (Subsidize) အရှုံးခံ၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စာပို့တိုက်လုပ်ငန်းကပြည်တွင်းရိုးရိုးစာတစ်စောင်၏ စာပို့ခကို နှစ်ကျပ်သတ်မှတ်ထားပြီး၊ ထိုအတွက် အမှန်တကယ်ကုန်ကျစရိတ်မှာ ၆၀ ကျပ်ခန့်ဖြစ်၍ ရိုးရိုးစာတစ်စောင်လျှင် ၅၈ ကျပ် အရှုံးပေါ်သည်ဟု ဆိုသည်။
အပြင်းထန်ဆုံးပြုပြင်ပြလိုက်တာကတော့ အောက်က သတင်းအပိုင်းအစလေးပါပဲ။

နိုင်ငံအုပ်ချုပ်ခဲ့သူများကို အစိုးရပိုင် သတင်းစာ ဆောင်းပါး တပုဒ်က ဝေဖန်

နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူတို့ အရေးကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အစိုးရပိုင် သတင်းစာ တစ်စောင် ဖြစ်သော ကြေးမုံ သတင်းစာပါ ဆောင်းပါး တပုဒ်က ဝေဖန် ရေးသားလိုက်သည်။
ဇူလိုင်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ရေးသားထားသော ဆောင်းပါးရှင် ဝေယံမောင်၏ " တိုင်းရင်းပီစွာ ရိုင်းပင်းညီကာ ၀ိုင်းဝန်း ပါဝင်ကြပါစို့ " ဆောင်းပါးတွင် ဝေဖန်ချက်ကို ထိုသို့ ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။

စာရေးသူ ဝေယံမောင်က ပွင့်ပွင့်လင်းလင်း ဝေဖန်ရမည် ဆိုလျှင် ရေမြေတောတောင် သဘာဝနှင့် သယံဇာတ ပေါကြွယ်ဝလှသည့် ကျွန်တော်တို့ နိုင်ငံ၊ မြေကြီးက ရွှေသီးသည်ဟု တင်စားသည့် ကျွန်တော်တို့ တိုင်းပြည်တွင် ဆင်းရဲ နွမ်းပါးမူ ၂၆ ရာခိုင်နုန်း ကျော်ခဲ့ရခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်သူ အဆက်ဆက်တို့က ဆင်းရဲနွမ်းပါးသူတို့၏ အရေးကို လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ဆိုကာ ရေးသားဖေါ်ပြထားသည်။

ကဲဗျာ မဟာဗမာစစ်အစိုးရက ဒီလို ဒီလိုတွေကောင်းလာအောင် ဒီလိုဒီလို အနစ်နာခံဆောင်ရွက်နေပုံ ပြုပြင်နေပုံတွေ ကို ရေးပြနေတာ ခလောက်နို့သားတယောက်ကဲ့သို့ မတွေးမိစေလိုပါ ဆိုတာနဲ့မဆီလေး ရယ်တဲ့မျှ အိုမဆိုင်ပါ ဆိုပြီး အပြစ်တော်မတင်လိုက်ကြပါနဲ့။

လူထုဦးလှရေးတဲ့ ခလောက်နို့ပုံပြင်ထဲမှာ ဒီပုံပြင်ပါချင်မှလည်းပါမယ် ခလောက်နို့သားတွေလည်းကြား ဘူးချင်မျှ ကြားဘူးကြလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ တချို့ခလောက်နို့ပုံပြင်တွေဆိုလျင်ခ လောက်နို့သားတွေတောင် မကြားဘူးတာတွေရှိနေလို့ပြောရတာပါ။

ဒီလိုဗျ ဒီလို ခလောက်နို့သားတယောက်ဟာ လှည်းလမ်းအတိုင်းလျှောက်သွားရင်း လှည်းဆီထည့်တဲ့ ၀ါးကျည်ထောက်တခုကိုတွေ့သတဲ့ ၀မ်းသာအားရနဲ့ ဟန်ကျလိုက်လေခြင်း လှည်းလမ်းအတိုင်း လျှောက်လို့ လှည်းဆီထည့်တဲ့ကျည်ထောက်တခုတော့ ကောက်ရပြီ ရှေ့ဆက်ဒီအတိုင်းဆက်သွား လျင် လှည်းနဲ့နွားပါကောက်ရမှာသေခြာတယ်ဆိုပြီး လှည်းလမ်းအတိုင်းလျှောက်နေပါလေရောတဲ့။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments: