Tuesday, September 6, 2011

မွန်ရဲဘော်နှစ်ကျိပ်ဝင် နိုင်မြသီး ကွယ်လွန်

ကွန်းချမ်း | တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မွန်လက်နက်ကိုင် တော်လှန်ရေး၏ နိဒါန်းဖြစ်သည့် ရဲဘော်နှစ်ကျိပ် စတင် ဖွဲ့စည်းရာတွင် ပါဝင်သူတဦးဖြစ်သူ နိုင်မြသီးသည် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီကျော်တွင် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဟွေ့မလိုင် ခရစ်ယာန်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

မွန်ရဲဘော်နှစ်ကျိပ်အနက် နောက်ဆုံး ကျန်ရစ်သူတဦး ဖြစ်သည့် အသက် ၈၅ နှစ်အရွယ်ရှိ နိုင်မြသီးသည် ကွယ်လွန်ချိန်ထိ စံခလပူရီမြို့ရှိ မွန်လူမှုအဖွဲ့အစည်းများတွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။

သူသည် ၁၉၅၈ ခုနှစ် မွန်ပြည်သူ့တပ်ဦး ဖဆပလ အစိုးရထံ လက်နက်အပ်နှံရာတွင် ကျန်ရစ်သူများက အသစ်တဖန် မွန်ပြည်သစ်တပ်ဦးကို ထူထောင်ရာတွင် ပါဝင်ခြင်းမရှိတော့ဘဲ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့သည်။ သို့သော် မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များက သူကွယ်လွန်ချိန်ထိ တော်လှန်ရေး ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုထားကြသည်။

“တော်လှန်ရေး မျိုးစေ့ ချပေးခဲ့တဲ့ ခေါင်းဆောင်တဦး၊ ရိုးသား ဖြောင့်မတ်တဲ့ ခေါင်းဆောင်တဦး ဆုံးသွားတာ ကျနော့်အနေနဲ့ရော၊ ကျနော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ပါ အတိုင်းမသိ ဝမ်းနည်းရပါတယ်” ဟု မွန်ပြည်သစ်ပါတီ
နိုင်ငံခြား ဆက်ဆံရေးဌာနမှ ဒုဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

မိဘနှစ်ပါး ဖြစ်သည့် နိုင်ဖျင်း၊ မိနှင်းတို့မှ ၁၉၂၆ ခုနှစ်တွင် ဖွားမြင်သည့် နိုင်မြသီးသည် မွန်ပြည်နယ် ရေးမြို့နယ်
မော့ကနင်ရွာဇာတိ ဖြစ်ပြီး သတ္တမတန်းအထိ ပညာသင်ခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ် ၁၉၄၇ ခုနှစ်တွင်
နိုင်ဘလွင် (နိုင်ရွှေကျင် - မွန်ပြည်သစ်ပါတီ ပထမ ဥက္ကဋ္ဌ) ဦးဆောင်ဖွဲ့စည်းသည့် မွန်လွတ်လပ်ရေး အဖွဲ့တွင်
ရေးမြို့နယ် အတွင်းရေးမှူးနှင့် စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။

မွန်တော်လှန်ရေးနေ့ဟု အစွဲပြုခဲ့သည့် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ဘားအံမြို့နယ် ဇာသပြင် ရဲစခန်းမှ လက်နက်များ ဝင်ရောက် လုယူရာတွင်လည်း ပါဝင်ခဲ့သူတဦး ဖြစ်ပြီး ဖဆပလ အစိုးရလက်ထက် မြန်မာ့အသံ မွန်တိုင်းရင်းသားဘာသာ အစီအစဉ်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦးကို ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

မွန်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (MNDO) ဝင်တဦး ဖြစ်ပြီး အမျိုးသားရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုကြောင့်
မော်လမြိုင်တွင် ထောင်နှစ်နှစ် ကျခံရဖူးသလို ရန်ကုန်တွင် ၁၉၅၇ ခုနှစ်တွင်းက  အချုပ် ၁၆ လ ကျခံခဲ့ရဖူးသည်။

ကွယ်လွန်ချိန်တွင် ဇနီး မိဘန်အောင်၊ သားသမီး သုံးယောက်နှင့် မြေးခုနှစ်ယောက် ကျန်ရစ်သည်။ ကြွင်းကျန်သည့် ရုပ်အလောင်းကို လာမည့် စက်တင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် စံခလပူရီမြို့ရှိ ဝပ်စီဘုန်းတော်ကြီးကျောင်းတွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများထံမှ သိရသည်။

No comments: