Sunday, September 4, 2011
အတီး မန်းငြိမ်းမောင်သို့ 
Karentimes…မန်းအာကါထက် 
“KNU ဗဟိုကော်မီတီဝင် ဦးမန်းငြိမ်းမောင် ဖမ်းဆီးထိန်းသိမ်းခံရ”
မယုံဘူး....
“KNU ခေါင်းဆောင် ဦးမန်းငြိမ်းမောင် ပျောက်ဆုံးနေ”
ဒါလဲမဖြစ်နိုင်ဘူး….
      သတင်းတွေကို လိုက်ဖတ်ရင်း နားထောင်ရင်း ကျနော်တယောက်တည်း ဒွိဟဖြစ်နေမိတယ်။ သတင်းဌာနတခုနဲ့ တခု ခေါင်းစဉ်တွေ၊အာဘော်တွေအနည်းငယ် ကွဲလွဲတာက လွှဲလို့  အားလုံးက အတီးမန်းငြိမ်းမောင်တော့ တခုတခုတော့ဖြစ်နေပြီးဆိုတာ အတည်ပြုပေးနေသလိုဖြစ်နေပါတယ်…
    တကယ်တော့ အတီးမန်းငြိမ်းပျောက်ဆုံးနေတဲ့သတင်းကို လွန်ခဲ့တဲ့ရက်သတ္တပါတ်လောက် 
ဝန်းကျင်က သဲ့သဲ့လေးကြားနေရတယ်….ဒီသတင်းမဟုတ်ပါစေနဲ့ လို့ ရင်ထဲမှာ တယောက်ထဲ ကြိတ်ပြီးဆုတောင်းနေမိတယ်…အခုတော့ သတင်းဌာနတိုင်းလိုလိုက အတီးမန်းငြိမ်းနဲ့ ပါတ် သက်တဲ့သတင်းကြားရတယ်ဆိုတော့….အတီးတခုခုတော့ဖြစ်နေပြီးဆိုတာ ကျနော်ခေါင်းထဲ မှာအသိတခုဝင်လာတယ်….ဒါပေမဲ့  အခုထက်ထိ ဒီသတင်းမဟုတ်ပါစေနဲ့ လို့ ဆုတောင်းနေဆဲပါ….
……………………………………….
            အတီးမန်းငြိမ်းကို ကျနော်စသိတာက ဟိုးလွန်ခဲ့တဲ့  ၂၀၀၁/၂ ခုနှစ်ဝန်းကျင်လောက်ကပါ။ကရင်ယူနတီစီမီနာအခမ်းအနားတခုမှာ မိခင်ကေအင်န်ယူက
ဒီကေဘီအေ အပေါ်ထားတဲ့ သဘောထားအမြင်တွေ ရှင်းပြတဲ့ အတီးမန်းငြိမ်းရဲ့ မိန့် ခွန်းကို ကျနော်ပထမဆုံးအကြိမ်ကြားခဲ့ဘူးပါတယ်…အတီးမန်းငြိမ်က စကားကိုပြေပြစ်အောင်ပြော တတ်တယ်…ကျနော်တို့ လူငယ်တွေရဲ့ နားထဲကို ပေါက်ရောက်အောင် ပြောနိုင်တယ်။
နောက်ပိုင်းတော့နယ်စပ်ဒေသကို ၀င်ထွက်ရင်းနဲ့ အတီးမန်းငြိမ်းနဲ့  ခင်မင်သိကျွှမ်းသွားပါတယ်။
တခါတော့ ကျနော်တို့ လူငယ်တစုကို အတီးက ထမင်းစားဖိတ်ပါတယ်။ ကျနော့်နားနဲ့ မယုံဘူး …အမျိုးသားခေါင်းဆောင်တယောက်အနေနဲ့ ဘာမဟုတ်တဲ့ ကျနော်တို့ လူငယ်တွေကို ထမင်းစားဖိတ်ရတယ်…အတီးအိမ်ရောက်မှ အတီးရဲ့ အတွင်းစိတ်သဘောထားကို ပိုပြီးသိလာရတယ်…အတီမန်းငြိမ်းက ဘ၀ကို ခြိုးခြိုးခြုံခြုံနဲ့ နေရတယ်ဆိုတာ သူ့ အိမ်ကို ရောက်မှ သတိထားလိုက်မိပါတယ်။
အတီးက လူငယ်တွေကို တန်းတူရည်တူနဲ့ ပွင့်လင်းဖေါ်ရွေစွာဆက်ဆံတတ်တယ်။ အတီးနဲ့ ကျနော်တို့ လူငယ်တစု စကားတွေအများကြီးပြောဖြစ်ခဲ့တယ်။အတီးရဲ့ ကိုကိုးကျွှန်းပြန် အတွေ့ အကြုံတပိုင်းတစကိုလဲ ကျနော်တို့ လူငယ်တစု ကိုယ့်ကိုယ်တိုင်နားနဲ့ ကြားနာခွင့်ရခဲ့ တယ်။
………………………………………
            ကျနော်တို့ လူငယ်တွေ ဘန်ကောက်မှာ အားမာန်သစ်မဂဇင်းထုတ်ဖို့ လိုအပ်တဲ့စာမူတွေ ကို တောင်းတော့ အတီးမန်းငြိမ်းက မဆိုင်းမတွဘဲ စာမူတွေရေးပေးဖို့ ဂတိပေးပါတယ်။ ကျနော်တို့ လူငယ်တွေ အဖွဲ့ အစည်းလုပ်ငန်းတွေအပါအ၀င် သမိုင်းပေးတာဝန်တွေ တပိုင်းတစ
လုပ်နိုင်တာ ၊စာစောင်မဂဇင်းတွေထုတ်နိုင်တာကိုလဲ အတီးကအားကျတယ်၊ အသိအမှတ်ပြုတယ်။အားပေးစကားပြောတယ်။လိုအပ်တဲ့စာမူတွေကိုလဲ ၀ိုင်းရေးပေးတယ်။ 
တကယ်တော့ ကျနော်တို့ စာစောင်တွေအတွက် စာမူအပါအ၀င် အတီးမန်းငြိမ်းရေး
ခဲ့တဲ့ “မုန်တိုင်းကိုကျော်၍ ပင်လယ်ပြင်ကိုဖြတ်သောအခါ”ဆိုတဲ့ စာအုပ်တွေဟာ သာမန်စာရေး
ဆရာတွေ စိတ်ကူးယဉ်နဲ့ ဝတ္ထုတွေရေးသလိုမျိုးမဟုတ်ဘဲ သူ့ ရဲ့ ကိုယ်တိုင်ဖြတ်သန်းလာခဲ့တာကို ခံစားချက်အပြည့်နဲ့ ပြန်လည်ရေးသားခြင်းဖြစ်တဲ့အတွက် သူရေးတဲ့စာတွေကိုဖတ်ရင်း ကိုယ့်ရဲ့ 
မျက်စိထဲမှာ ကွက်ကနဲ ကွင်းကနဲပေါ်လာပါတယ်။ တကယ့်စွန့် စားခန်းရုပ်ရှင်ပိတ်ကါး ကြည့်ရ
သလိုဘဲ…..
အတီးမန်းငြိမ်းရေးတဲ့စာတွေကိုဖတ်ရင်…တချက် တချက် ရင်ဘတ်တွေအောင့်အောင့် လာတယ်….အနားယူပြီးဖတ်ရတယ်…ဖတ်လက်စအပိုင်းလိုက် စာတွေကိုလဲ လက်ထဲမှာမချချင်… ဖတ်ရင်းနဲ့ လဲ သက်ပြင်းတွေ တချက် တချက်ချမိတယ်…အဲဒီလောက်ထိ..ကျနော့်အားဆွဲဆောင်ခဲ့ ဘူးတယ် …အတီးရေးတဲ့စာအုပ်ကို နှစ်ကြိမ်ထက်မနည်း အစအဆုံးကျနော်ဖတ်ဖူးတယ်..ဖတ်ပြီးလဲ အတီးကိုလေးစားမိတယ်…အခု.. အတီးမန်းငြိမ်းရေးထားတဲ့ စာအုပ်ကို နောက်တခေါက်လောက် ထပ်ပြန်ဖြတ်အုံးမယ်…ဒါပေမဲ့ ….ဒီတခေါက်ပြန်ဖတ်ဖြစ်ရင်…ကိုယ့်ကိုယ်ကိုကျန်းမာရေး
ကောင်းအောင် အရင်အချိန်ယူရမယ်ထင်တယ်…
…………………………………………………
အတီးမန်းငြိမ်းကို နယ်စပ်ဒေသတ၀ိုက်မှာလုပ်တဲ့ ကရင်လူငယ်တွေတွေ့ ဆုံပွဲတို့ ၊ ကရင့်ရိုးရာယဉ်ကျေးမှုပွဲတွေမှာတွေ့ ရတတ်တယ်…ယနေ့ အမျိုးသားခေါင်းဆောင်တွေထဲမှာ အမျိုးသားတော်လှန်ရေးမူဝါဒ၊လမ်းစဉ်တွေကို ပြောနိုင်ဆိုနိုင်၊ ရေးသားနိုင်တဲ့သူတွေထဲမှာ အတီးမန်းရှာတို့ ၊ အတီးမန်းငြိမ်းတို့ လဲပါပါတယ်။ အတီးမန်းရှာတယောက် အမျိုးသားတော် လှန်ရေးအတွက် ပေးဆပ်လိုက်တာ သိပ်မကြာသေးပါ။ အခု အတီးမန်းငြိမ် တယောက်ပါ ထပ်ပြီးပေးဆပ်ရမယ်ဆိုတော့…အမျိုးသားတော်လှန်ရေးအတွက်ပေးဆပ်လိုက်ရတဲ့ အရင်အနှီးက အရမ်းကို များလွန်းလှပါတယ်။
တော်လှန်ရေးသမားတယောက်…ရှေ့ တန်းစစ်မျက်နှာမှာ ရန်သူနဲ့ အကြိတ်အနယ်တိုက်ခိုက်ပြီး အသက်ပေးလိုက်ရတာခံသာပါသေးတယ်။ အတီးမန်းရှာတုံးကလဲ ရန်သူရဲ့ ယုတ်မာကောက်ကျစ်တဲ့ လုပ်ကြံမှုကြောင့်ကျဆုံးခဲ့ရတယ်။အခုလဲ အတီးမန်းငြိမ်းတယောက် ရေတိမ်မှာ နစ်နေရမဲ့အနေ အထားမှာ ရောက်နေတော့ အလွန်ခံပြင်းစရာကောင်းပါတယ်။
……………………….
တကြိမ်တခါတုန်းက အတီးမန်းငြိမ်းတယောက် ကျွှန်းပြန်ကြီးဖြစ်ခဲ့တယ်..ဒါပေမဲ့ အဲဒီအချိန်
ရန်သူဟာ ရက်ဆက်တယ်၊ကြမ်းကြုတ်တယ်…ဒါပေမဲ့ အခုခေတ်ရန်သူက အရင်ခေတ် အချိန်အခါထက် အဆပေါင်းများစွာရက်စက်တယ်…အဆပေါင်းများစွာ ကောက်ကျစ်ယုတ်မာတယ်…
ရန်သူရဲ့ရက်စက်မဲ့ဒဏ်တွေကို အတီးရဲ့ ခံယူချက်၊ စိတ်ဓါတ်ရေးရာအရ ခံနိုင်ရည်အပြည့်ရှိပေ မဲ့ အတီးရဲ့ ဇရာအိုက အရင် ကိုကိုးကျွန်းတုန်းက အသက်အရွယ်လိုမျိုးမဟုတ်တော့…
………………………….
အတီးမန်းငြိမ်းအတွက် ကြားရတဲ့ မကောင်းတဲ့သတင်းတွေ လုံးဝအမှန်မဟုတ်ပါစေ နဲ့ ….အတီးတယောက် မိသားစုရှိရာအိမ်ကို ဘေးမသီရန်မခတ်ဘဲ လျှင်မြန်စွာ ပြန်ရောက်နိုင် ပါစေ….ဆုတောင်းပြီးရင်း… ဆုတောင်းနေဆဲပါ… အတီး………….
မန်းအာကါထက်
၂၊ ၈၊ ၂၀၁၁။
No comments: