Tuesday, August 30, 2011

(12)နှစ်မြာက်၊ MKCF နှစ်ပတ်လည် အထိမ်းအမှတ် ဘောလုံးပွဲ

(၁၂)နှစ်မြောက်၊ MKCF နှစ်ပတ်လည် အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင်မလေးရှား
ကရင်အသင်းနှင့် အဝေးကွင်းအဖြစ် ဧည့်သည်စင်ကာပူကရင်အသင်းတို့ ကွာလာလမ်ပူတွင်
၂၇-၀၈-၂၀၁၁ နေ့ညနေ(၄း၀၀)နာရီအချိန်၌ ချစ်ကြည်ရေးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပါသည်။

လူစုံတက်စုံဖြင့် ယှဉ်ပြိုင်ကစားခဲ့သော အိမ်ရှင် မလေးရှားကရင်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု
အသာဖြင့် ယှဉ်ပြိုင်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ပထမပိုင်းပြီးဆုံးသည့်
အထိ ဂိုးမရရှိပဲ စင်ကာပူ၏ တန်ပြန်တိုက်စစ်ကို အလူးအလဲခံခဲ့ရသည်။

ပထမပိုင်း(၂၅)မိနစ်ခန့်တွင် စင်ကာပူတိုက်စစ်မှူးနံပါတ်(၉)ခင်းပေးသော ဘောလုံးကို ပွဲစဉ်တစ်
လျှောက်လုံး ခြေစွမ်းပြကစားခဲ့သော စင်ကာပူကျောနံပါတ်(၁၅)က ပညာသားပါပါဖြင့် လှလှပပ
သွင်းယူနိုင်ခဲ့ပါသည်။

ဗွေဆော်ဦးဂိုးပေးလိုက်ရသော မလေးရှားအသင်းသည် ချေပဂိုးရရန် တိုက်စစ်မြင့်ကစားခဲ့သော်
လည်း ပထမပိုင်းပြီးဆုံးသည့်အထိ ဂိုးမရရှိပဲ စင်ကာပူကသာ (၁)ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်စချိန်တွင် အိမ်ကွင်း၏ ထုံးစံအတိုင်း မလေးရှားအသင်းသည် ဘောလုံးပိုင်ဆိုင်မှု
၆၅ ရာခိုင်နှုန်းဖြင့် အချိတ်အဆက်မိမိဖြင့် လျင်မြန်ဖျတ်လတ်စွာ ကစားနိုင်ခဲ့သော်လည်း စင်ကာ
ပူဂိုးသမားလက်စွမ်းပြကာကွယ်မှုကြောင့် ကြိမ်းသေရမည့်ဂိုးများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

စင်ကာပူတိုက်စစ်မှူးများကလည်း ရသောအခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့ပြီး ဒုတိယ
ပိုင်းစပြီး (၁၅)မိနစ်မှာပင် စင်ကာပူကျောနံပါတ်(၃)က ကမ္ဘာ့စံချိန်မှီ ခေါင်းတိုက်ဘောဖြင့် လှလှ
ပပ သွင်းယူသွားခဲ့ပါသည်။

မလေးရှားအသင်းသည် (၂)ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်နေခဲ့သော်လည်း အားကစားစိတ်ဓါတ်အပြည့်ဖြင့်
ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး စင်ကာပူကရင်အသင်း၏ မှားယွင်းသောလူစားလဲမှုကို အခွင့်
ကောင်းယူကာ ချေပဂိုးသွင်းယူနိုင်ရုံသာမက ဒိုင်လူကြီးပွဲသိမ်းခရာမှုတ်သည့်အချိန်တွင် (၄)ဂိုး၊
(၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။

ဘောလုံးပွဲပြီးဆုံးချိန်တွင် အဖွဲ့လိုက်ဖြင့် ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲ စသော ပျော်စရာ
အားကစားနည်းများစွာကိုလည်း ပျော်ပျာ်ပါးပါး ဆင်နွှဲခဲ့ကြပါသည်။

စင်ကာပူ၊ မလေးရှား ဘောလုံးပွဲစဉ် ဗွီဒီယိုဖိုင်ကိုလည်း တင်ဆက်ပေးလိုက်ပါသည်။

No comments: