Monday, August 29, 2011

အရက်သမား ပထွေးက ပြောတယ်


အရက်သမား ပထွေးက ပြောတယ်
အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

အရက်သမား ပထွေးက ပြောတယ်
သူ အရက်ဖြတ်လိုက်ပါပြီ … တဲ့
သူ လူသစ်စိတ်သစ်ဖြစ်နေပါပြီ … တဲ့
ပြောနေရင်း …
(‘ဂေ့’ … ‘ဂေ့’ နဲ့ …)
လေချဉ်တွေ တက်နေတယ်။

အရက်သမား ပထွေးက ပြောပြန်တယ်
အိမ်ပေါ်က ဆင်းသွားကြတဲ့
အဝေးရောက် သားသမီးတွေ
ပြန်လာကြပါ … တဲ့၊
(သူ အရက်သောက်ဖို့အရေး
သူခိုးဈေးနဲ့ ရောင်းစားလို့
ဘာဆိုဘာမှမကျန်တော့တဲ့ …)
ပြိုလုဆဲ အိမ်အို၊ အိမ်ဟောင်းလောင်းကြီးကို
တို့တွေ ၀ိုင်းပြင်ကြရအောင် …တဲ့၊
စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားခဲ့ကြတဲ့
မင်းတို့တတွေကို
အပြစ်မဆိုပါဘူး … တဲ့၊
နောင်တရ ကျွတ်တန်းဝင်တဲ့ လေသံနဲ့
စကားကြုံ ဖိတ်ခေါ်နေတယ်၊
(ဒါပေမယ့် …)
ပုဆိုးကွင်းသိုင်းမပျက်သေး
လက်ထဲမှာ မူးရင် ရမ်းကားနေကျ တုတ်က ရှိနေသေး …။

အဲသလို
၂၃ နှစ်စာ သံဝေဂတွေကို
တတွတ်တွတ် ရေရွတ်နေတဲ့
အာလေးလျှာလေး ပထွေးရဲ့ နံဘေးမှာတော့ …
အမေက
(မျက်လုံးတွေ ပိတ်မတတ် …)
မျက်နှာတွေ ဖူးရောင်နေဆဲ၊
အစ်ကို အစ်မ
ညီ ညီမတချို့က
မှောင်ကြီးမဲမဲ အိမ်ထောင့်ထဲမှာ
ပါးစပ်ကို အ၀တ်စည်းပြီး
ကြိုးတုပ်ခံနေကြရဆဲ၊
ခြံစည်းရိုးနားမှာ ဆော့ကစားနေတဲ့
ညီအစ်ကိုတွေကို
စိတ်မထင်ရင် မထင်သလို
ပုလင်းခွံနဲ့ လှမ်းလှမ်းပစ်နေဆဲ။

ဘာတွေကို ဘယ်လိုယုံကြည်ရမလဲတော့မသိ
အရက်သမား ပထွေးက ပြောနေတယ်
မင်းတို့ ပြန်လာကြပါ … တဲ့။ ။

အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)

No comments: