- Written by KNG
- Hits: 854

တရုတ်သမ္မတ ဟူကျင်တောင်နှင့် ၎င်းအစိုးရမှတည်ဆောက်နေသည့် ဧရာဝတီမြစ်ဆုံရေကာတာ။
တရုတ်အစိုးရပိုင် CPI (China Power Investment Corporation)နှင့် မြန်မာနိုင်ငံမှ Asia World Company အလုပ်သမားများအပြင် ယခု ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် တည်ဆောက်ရေး တရုတ်နိုင်ငံပိုင် Sinohydro Corporation မှ အလုပ်သမား (၇၀၀) ထပ်မံဝင်ရောက်လာပြီး မြစ်ဆုံရေကာတာကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု KDNG (Kachin Development Networking Group) မှ မ အားနန် ပြောသည်။
စီမံကိန်းအတွက် လိုအပ်သော စက်ယန္တရားနှင့် ဆောက်လုပ်ရေးကုန်ပစ္စည်းများကို ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ် ကန်ပိုင်တီမှတဆင့် (၁၂) ဘီးကားကြီးများဖြင့် တင်သွင်းနေသည်ကို တွေ့မြင်နေရသည်ဟု ကန်ပိုင်တီ ဒေသခံ တစ်ဦးက ပြောသည်။
သို့သော် ဇွန် (၉) ရက် မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြားတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မြစ်ကြီးနား-ကန်ပိုင်တီ လမ်းပိုင်းရှိ KIA တပ်စခန်းများက ဆောက်လုပ်ရေးနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ တင်ဆောင်သည့်ကားများကို ဖြတ်သန်းခွင့်မပြုကြောင်း ဒေသခံကုန်သည် ယာဉ်မောင်းများမှတဆင့် သိရသည်။
ဇွန် ၁၄ ရက် ယင်းလမ်းကြောင်းရှိ တံတား ၁ စင်းကို KIA က ဗုံးခွဲဖျက်ဆီးခဲ့သော်လည်း လုံးဝပျက်စီးသွားခြင်း မ ရှိ ခဲ့ ပေ။
ကန်ပိုင်တီ-မြစ်ကြီးနားလမ်းသည် ယွမ်ငွေ (၉၇) သန်းအကုန်အကျခံကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကုမ္ပဏီများက တည်ဆောက်ပေးခဲ့သည့် လမ်းဖြစ်သည်။ လမ်းဖောက်ပြီးလျှင် မြန်မာအစိုးရဘက်မှ လမ်းဖြတ်သန်းခ ကောက်ခံခြင်းမပြုရန် တရုတ်ကုမ္ပဏီများက တောင်းဆိုခဲ့သည်ဟု ထိုစဉ်က စကားပြန်ပြုလုပ်သူ တရုတ်အမျိုးသားတစ်ဦးထံမှ သိရသည်။
မြစ်ဆုံစီမံကိန်းကို ဆက်လက်အကောင်အထည်သွားမည်ဆိုပါက ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က တရုတ်သမ္မတ ဟူကျင်တောင် ထံ ပြီးခဲ့သည့် မတ်လက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သေးသည်။
တရုတ် CPI မှ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ အကုန်ကျခံကာ ပေ ၅၀၀ အမြင့်ရှိ မြစ်ဆုံရေကာတာကို ၂၀၀၉ ဒီဇင်ဘာမှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။ ၎င်းမှ ထွက်လာမည့် လျှပ်စစ်အား ၆၀၀၀ မဂ္ဂါဝပ်၏ အများစုကို တရုတ်ပြည်သို့ ရောင်းချမည်ဖြစ်သည်
No comments:
Post a Comment