Thursday, August 4, 2011

ဇေယျာသော်ကို ရန်ကုန်တွင်လုပ်မည့် စင်မြင့်ဖျော်ဖြေပွဲတွင် ပါဝင်ခွင့် ပိတ်ပင်

သြဂုတ် ၃၊ ၂၀၁၁
 မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့တွင် ဇေယျာသော် သီဆိုဖျော်ဖြေနေပုံ (ဓာတ်ပုံ - ဇေယျာသော်၏ ဖေ့စ်ဘုတ်)

ရက်ပိုင်းအတွင်းပြုလုပ်တော့မည် ကန်တော်ကြီး မျှော်စင်ကျွန်းရှိ စင်မြင့်ဖျော်ဖြေပွဲတခုတွင် အဆိုတော် ဇေယျာသော်ကို ပါဝင်ခွင့်မပြုနိုင်ကြောင်း အာဏာပိုင်တို့က ပြောဆိုလိုက်သည်။

စနေနေ့တွင် ပြုလုပ်မည့် ထိုပွဲတွင် နာမည်ကျော်များအပါဝင် အဆိုတော်များစွာ သီဆိုဖျော်ဖြေရန် စီစဉ်ထားကြောင်း၊ မြောက်ဒဂုံမြို့နယ် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေအတွက် ပြုလုပ်မည့် ပွဲ ဖြစ်ကြောင်း RFA အသံလွှင့်ဌာနက ယနေ့ ထုတ်လွှင့်သွားသည်။

မင်္ဂလာတောင်ညွန့် ရဲစခန်းက ပွဲစီစဉ်သူများကို ယနေ့ ၀န်ခံလက်မှတ် ရေးထိုးစေပြီး တားမြစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ကျနော် ၀င်ရောက် ဆိုရင် ပါမစ် (ပွဲခွင့်ပြုမိန့်) ကို ရုတ်သိမ်းမှာ ဖြစ်တဲ့အကြောင်း အကြောင်းကြားပါတယ်။ သူတို့က ဒီပွဲမှာ ကျနော့်ကို ဖြုတ်လိုက်ပြီးတော့ ကျနော် မပါကြောင်း ၀န်ခံလက်မှတ်ရေးထိုးခဲ့တာပါ" ဟု ဇေယျာသော်၏ ပြောဆိုချက်ကို အာအက်ဖ်အေက ထုတ်လွှင့်သွားသည်။

ထိုတားမြစ်ချက်က တရားဝင်ခြင်း မရှိဟု ဇေယျာသော်က ပြောသည်။ "လောလောဆယ် ကျနော့်ကို စာနဲ့ပေနဲ့ တရားဝင် အကြောင်းကြားထားတာလည်း မရှိပါဘူး။ အဲဒီအတွက် ဒီလို တားမြစ်တယ် ဆိုတာ တရားဥပဒေကြောင်းအရ ဆိုရင်တော့ တရားဝင် မဖြစ်နိုင်သေးဘူးလို့ ကျနော် ထင်ပါတယ်" ဟု သူက အာအက်ဖ်အေကို ပြောသည်။

မည်သည့် အတွက်ကြောင့် တားမြစ်ခြင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုတော် ဇေယျာသော်သည် ၂၀၀၇ သံဃာ့လှုပ်ရှားမှုကာလက Generation Wave (GW) အဖွဲ့ ကို ထူထောင်ခဲ့သည်။

ထိုအဖွဲ့က ဒီမိုကရေစီအရေး လှုပ်ရှားမှုကို တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သည်။

၂၀၀၈ တွင် ဇေယျာသော် အဖမ်းခံရပြီး ထောင် ၆ နှစ် ကျသွားသည်။ လွတ်ရက်စေ့ရန် လအနည်းငယ် အလိုတွင် ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လွတ်ခဲ့သည်။

ပြန်လွတ်လာပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဆက်သွယ်သည်။

ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂီတပွဲတော်တွင်လည်း ပါဝင်ကူညီခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က စီစဉ်နေသည့် ဂီတ လူမှုရေး သူရဲကောင်းများ (၂) တွင် ဇေယျာသော်က တခြား Hip Hop အဆိုတော်များနှင့်အတူ ပါဝင် အားဖြည့်ထားသည်။

No comments: