Tuesday, August 2, 2011

ငြိမ်းချမ်းရေး ဆွေးနွေးစဉ် သေနတ်သံတွေကြားရဆဲ

ကချင်စစ်ပြေးဒုက္ခသည်များ

ကချင်စစ်ပြေးဒုက္ခသည်များ

ကချင်ပြည်နယ်အတွင်းမှာ အပြန်အလှန် ပစ်ခတ်တဲ့ သေနတ်သံတွေက ဆက်လက် ထွက်နေတုန်းဖြစ်သလို ဒေသတွင်းမှာ အစိုးရစစ်တပ် ဖက်ရဲ့ဖမ်းဆီး သတ်ဖြတ် ပစ်တာကို ခံရတယ် ဆိုတဲ့သတင်းလဲ ထွက်ပေါ်နေပါတယ်။

ရှေ့တန်းစစ်ဖက်ရပ်ကွက်တွေရဲ့အဆိုအရ - ကေအိုင်အေနဲ့အစိုးရစစ်တပ်အကြား ပထမဆုံးပြဿနာဖြစ်ပွားခဲ့ရာ-တာပိန်ရေအားလျှပ်စစ်စက်ရုံအနားက ‘မိုးမောက် မြို့နယ် ‘ဆန်ဂန်ဒေသမှာ တရက်ခြား နှစ်ရက်ခြားလောက် အပြန်အလှန်သေနတ်သံတွေ ထွက်နေပါတယ်။

တနင်္ဂနွေနေ့ကလဲ ကေအိုင်အေဖက်က စနိုက်ပါနဲ့လှမ်းပစ်ခဲ့တာ ရှိသလို အစိုးရစစ်တပ်ဖက်က လှမ်းပစ်ခတ်တဲ့လောင်ချာကျည် သုံးလေးလုံးလဲ ကေအိုင်အေ တပ်ရင်း(၁၅)နယ်မြေဂွင်အတွင်း ကျရောက်ခဲ့ပါတယ်၊ သေကျေထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။ အလားတူပဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အနီး ကထန်ယန် ရွာက လယ်ယာစိုက်ပျိုးနေတဲ့ ရွာသား-ကချင်လူမျိုး (၇)ယောက်ကို ဒေသတွင်းအစိုးရ စစ်တပ်ဖက်ကနေ ဖမ်းဆီးပြီး(၂)ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ကေအိုင်အေဖက်က အဆိုအရ သိရပါတယ်။

အသတ်ခံလိုက်ရသူ(၂)ဦးကတော့ဦးမရစ်တန်နဲ့ဆိုင်းတူတို့ဖြစ်ကြပါတယ်။အဖမ်းခံရသူ(၇)ယောက် အနက်-ကျန် (၅)ယောက်ဟာလဲ အခုချိန်အထိ သူတို့နေအိမ်တွေကို ပြန်မရောက် ကြသေးပါဘူး။ အဲဒီမှာ ခလရ (၅၈)အပါအဝင်-တခြားတပ်ရင်း(၂)ခုမှ စစ်ကြောင်းတွေလဲ လှုပ်ရှားနေတဲ့အတွက် ဘယ်တပ်ကနေ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ တိတိကျကျ ဖေါ်ထုတ်အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့သိရပါတယ်။

No comments: