Tuesday, August 2, 2011

မြန်မာ့ဆက်သွယ်ရေးက အင်တာနက်ဖုန်းများ တိုးချဲ့ဖို့ ပြင်ဆင်

Internet Phone

အင်တာနက်သုံးနိုင်တဲ့ ဖုန်း

မြန်မာနိုင်ငံမှာ အင်တာနက်ပါ ပူးတွဲ သုံးလို့ရမယ့် ဂျီအက်စ်အမ် ဖုန်းအလုံးရေ ၄ သန်း တိုးချဲ့ ရောင်းချမယ့် အစီအစဉ်အရ လိုအပ်တဲ့ အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေ နဲ့ နည်းပညာပိုင်း ဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်နေပြီလို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး နည်းပညာ ဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဘီဘီစီကို ပြောပါတယ်။

တယ်လီဖုန်းတွေကိုတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရတနာပုံတယ်လီပို့ အပါ၀င် ပုဂ္ဂလိက ကုမ္ပဏီတွေပူးပေါင်းပြီး နှစ်ကုန်ပိုင်းမှာ စရောင်းမယ်လို့ ဦးဇော်မင်းဦးက ပြောပါတယ်။

အဲဒီ ဂျီအက်စ်အမ်ဖုန်းတွေ အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေဖြစ်တဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ နည်းပညာ ပိုင်းဆိုင်ရာ ပစ္စည်းတွေ ပြင်ဆင် တိုးချဲ့တာတွေကို ဇူလိုင်လ ကုန်ပိုင်းက စလုပ် နေပြီလို့ သူက ပြောပါတယ်။

''လက်ရှိ ကမ္ဘာမှာ သုံးနေတဲ့ ဂျီအက်စ်အမ်ဖုံးတွေရဲ့ စနစ်အတိုင်းပါဘဲ။ ဈေးနှုန်း ကတော့ ကျနော်တို့ မသတ်မှတ်ရသေးပါဘူး'' လို့ ဦးဇော်မင်းဦးက ပြောပါတယ်။

ဒီဖုန်းတွေကို ဝယ်ချင်ရင် မှတ်ပုံတင် မိတ္တူ၊ ဓါတ်ပုံ ၃ပုံ နဲ့ ဖုန်းကဒ်ရောင်းတဲ့ ဘယ်ဆိုင်မှာ မဆို အလွယ်တကူ၀ယ်ယူနိုင်မယ်လို့ ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းတုန်းက ရောင်းခဲ့တဲ့ အင်တာနက်ပါ သုံးလို့ရ တယ်ဆိုတဲ့ စီဒီအမ်အေ တယ်လီဖုန်း တွေကတော့ အင်တာနက်သုံးလို့ သိပ် အဆင် မပြေတာကြောင့် အင်တာနက် သုံးချင်သူတွေကတော့ အခု အသစ်ရောင်းမယ်ဆိုတဲ့ ဂျီအက်စ်အမ် ဖုန်းတွေကို မျှော်လင့်နေ ကြတယ်လို့ သိရပါတယ်။

No comments: