Wednesday, August 3, 2011

ပန်းချီဆရာကြီး ရာဟုလာ ကွယ်လွန်ခြင်းနှင့် ဆရာကြီး၏ နောက်ဆုံးအချိန်မှာ ကျင်းပခွင့်ရ လိုက်သော ရသအလင်းမှ ဂုဏ်ပြုငွေပေးအပ်ပွဲ

ဒီနေ့ဟာ ရသအလင်းဖောင်ဒေးရှင်းအတွက် ကြေကွဲစရာ အမှတ်ရစရာတွေနဲ့ ဘယ်လို့မှ မေ့ပျောက်မရနိုင်မယ့် နေ့ ဖြစ် ပါတယ်။ ရသအလင်းဖောင်ဒေးရှင်းရဲ့ မှုဆောင်အဖွဲ့ဆုံးဖြတ်ချက်နဲ့ ရသအလင်းဖောင်ဒေးရှင်းမှ လည်ချောင်းကင်ဆာ ရောဂါခံစားနေရတဲ့ ဆရာကြီးရာဟုလာကို ၂၄.၇.၂၀၁၁ နေ့က ဆေးဝါးကုသစရိတ်အလို့ငှာ အနုပညာဂုဏ်ပြုငွေအဖြစ် (၃) သိန်းတိတိ ပေးအပ်ခဲ့ပါတယ်။ မန္တလေးမှ ဆရာကျော်ရင်မြင့်က အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး ဒီကနေ့ (၃၁.၇.၂၀၁၁) မင်းကွန်းက ဆရာကြီးရာဟုလာ အိမ်မှာ အခမ်းအနားလေးနဲ့ ပေးအပ်ဂုဏ်ပြုဖို့ စီစဉ်ခဲ့ ကြ ပါတယ်။

မနက် ၁၀ နာရီပတ်ဝန်းကျင်လောက်မှာ ဆရာကျော်ရင်ငြိမ်းနဲ့ မန္တလေးမှ စာနယ်ဇင်းသမားများ ဂျာနယ်လစ်များ စုစု ပေါင်း (၁၂) ယောက်ခန့်ဆရာကြီးရဲ့ အိမ်ကိုရောက်ကြတော့ ဆရာက တော်တော်လေး ရောဂါဖေါက်နေခဲ့ပါပြီ။ ဒါပေ မယ့် ကြိုတင်သတင်းပေးထားခဲ့တာအတွက် အလှူငွေကို ၀မ်းမြောက်ဝမ်းသာ လပ်အုပ်လေးချီပြီး လက်ခံခဲ့ပြီး သာဓုအနု မောဒနာခေါ်ဆိုလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းမှာလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် အခုကြားလိုက်ရတဲ့ သတင်းကတော့….
လည်ချောင်းကင်ဆာဝေဒနာကိုခံစားနေ​ ရရှာတဲ့ ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇ နှစ်) ဒီကနေ့ ၃၁-၇-၂၀၁၁ မွန်းလွဲ ၁၂:၁၅ အချိန်မှာ မင်းကွန်းမှာရှိတဲ့သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါ၍ ကျန်ရစ်သူမိသားစုနဲ့အတူ အထူးကြေ ကွဲဝမ်းနည်းရပါတယ်။ မနက်ဖြန် နေ့လည် ၃ နာရီမှာ သင်္ဂြိုလ်ပါမယ် ။

(ဂုဏ်ပြုငွေတွေကို လက်ခံပြီးဆရာကြီး ၁ နာရီကျော်ကျော်လောက်အကြာမှာ ဆရာကြီးဆုံးပါးသွားခဲ့ပါတယ်။)

ရသအလင်းအနေနဲ့ မိသားစုနဲ့ထပ်တူ အနုပညာလောကနဲ့ထပ်တူ ဖြေမဆည်နိုင်အောင် ကြေကွဲခံစားကြရပါတယ်။ ဒါ ပေမယ့် ဆရာကြီး မကွန်လွန်မီ အချိန်ပိုင်းမှာ သူတသက်လုံးမြတ်မြတ်နိုးနိုး နက်နက်ရှိုင်းရှိုင်းလုပ်ကိုင်လာခဲ့တဲ့ သူ့အနု ပညာဟာ နောက်ဆုံးအချိန်အထိ သူ့ကိုစောင့်ရှောက်သွားတယ်လို့ ဂုဏ်ယူကြည်နူးခွင့် ပေးလိုက်နိုင်တာအတွက်၊ နောက် ပန်းချီဆရာကြီး ရာဟုလာ ရဲ့ တန်ဖိုးရှိလှတဲ့ ပန်းချီဆရာဘ၀ ဖြတ်သန်းမှုအတွက်၊ ရသအလင်းက ကိုယ်နိုင်တဲ့ တာဝန် လေးတခုကိုတော့ ကျေနိုင်လိုက်တယ်လို့ နှစ်သိမ့်ဖြေဆည်နေမိကြပါတယ်။

အခု ဆရာကျော်ရင်မြင့်နဲ့ ဆရာတွေအားလုံး ဆရာကြီး ရာဟုလာရဲ့ဈာပနာ အခမ်းအနားမှာ ရှိနေကြပြီး၊ ဆရာကြီးရဲ့ နောက်ဆုံးအချိန်မှာ အလှူငွေ လက်ခံနေပုံတွေ သတင်းအသေးစိတ်တွေကို ထပ်မံ ဖေါ်ပြပေးသွားပါ့မယ်။

ဒဏ်ရာများနဲ့ ပန်းချီဆရာ။ ပန်းချီဆရာကြီးရာဟုလာ နောက်ဘ၀မှာ အနုပညာကို ရူးရူးမက်မက် လုပ်ကိုင်နေတဲ့ ပန်းချီ ဆရာကြီး ငြိမ်းချမ်းတဲ့ ရေခံမြေခံမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ ပန်းချီဆရာကြီးဖြစ်ပါစေ..။

ရသအလင်းအဖွဲ့သားများ

ဆရာကြီးနောက်ဆုံးဆွဲနေတဲ့ ကိုကိုးကျွန်းက အလောင်းလုပွဲပုံ

ဆရာကြီးနောက်ဆုံးဆွဲနေတဲ့ ကိုကိုးကျွန်းက အလောင်းလုပွဲပုံ

ဆရာကြီးနောက်ဆုံးဆွဲနေတဲ့ ကိုကိုးကျွန်းက အလောင်းလုပွဲပုံ

××××××××××××××××××××
ဧရာဝတီက စီစဉ်တင်ဆက်တဲ့ ဆရာကြီးရာဟုလာနဲ့ အင်တာဗျူးပါ..
××××××××××××××××××××
ပန်းချီဆရာ ရာဟုလာ အကြောင်းကို ဆရာကျော်ရင်မြင့် ရေးသားပြုစုတဲ့ “ဘ၀ဇာတ်ခုံ” စာအုပ်တွင်လည်း ဖတ်ရှုကြည့် နိုင်ပါတယ်။

“…..နောက် ဒုတိယတယောက်က ပန်းချီဆရာ ရာဟုလာ…။ ပြောရရင် ဗင်းဆင့်ဗန်ဂိုးကို ဘယ်သူမှန်း မသိတဲ့သူပေါ့။ ကျွန်တော်သဘောကျတယ်။ သူက မိဘသဘောမတူသူနဲ့ အိမ်ထောင်ပြုတဲ့ပြီးနောက် လမ်းမှာ ကားနဲ့ ဖြတ်သွားတဲ့ အဖေကိုတွေ့တော့ ဆိုက်ကားနဲ့လိုက်ပြီး အမွေတောင်းတယ်။ ဒါနဲ့ သူငယ်ချင်းတွေက သူ့ကို ရာဟုလာ လို့ခေါ်ကြတယ်။ ပန်းချီဆွဲတော့ ပထမနာမည်ရင်းဖြစ်တဲ့ အောင်မြင့်နဲ့ရေးသေးတယ်။ အောင်မြင့် တွေ များတော့ သူက နာမည်ပြောင်း လိုက်တယ်။ သူငယ်ချင်းတွေ ခေါ်တဲ့နာမည်ပဲပြောင်းလိုက်တယ်။ ရာဟုလာ… လို့။ ဆီဒိုးနား ဟိုတယ်မှာ one man show ပြဖို့ ဇော်ဝင်းထွဋ်က ကူညီပေးတယ်။ ဟိုတယ်မှာ တည်းခိုင်းတော့ မတည်းနိုင်ဘူး။ ဘုန်းကြီးကျောင်းမှာပဲ တည်း မယ်လုပ်တဲ့ သူပေါ့။ ရန်ကုန်မှာ အိမ်ဆောက်ပေးမယ်ဆိုတော့ တောပဲပြန်မယ်လုပ်သူလည်း ဖြစ်တယ်လေ…”

ယခုသတင်းဆောင်းပါးကတော့ မနှစ်တုန်းက လျှပ်တစ်ပြက် (Vol3. No.1) မှာ ပါဝင်ခဲ့တဲ့ သတင်းဆောင်းပါးပါ။

“မင်းကွန်းပုထိုးတော်ကြီး ဘုရားဘေးက “Rahula Art Workshop” လို့ အမည်ပေးထားတဲ့ ခြံဝင်းကျယ်ကျယ်နဲ့ အိမ်က လေးမှာ ပန်းချီရေးနေတဲ့ “ပန်းချီဆရာ ရာဟုလာ”လို့ ပြောလိုက်ရင် မုတ်ဆိတ်ကျင်စွယ်တွေနဲ့ ဆေးလိပ်ခဲပြီး နေတတ် တဲ့ ပန်းချီ၊ ဂီတ အနုပညာအကြောင်းတွေ ပြောရင် မျက်ဝန်းတွေ တောက်ပလာတတ်တဲ့ ဆရာ ရာဟုလာကို ပြေးမြင်မိ ကြမှာပါပဲ။ ဒီ မင်းကွန်းက ဆရာရာဟုလာရဲ့ ပန်းချီကားတွေကို ကုန်းတတန်၊ ရေတတန်၊ ဖြတ်သန်းပြီး ရန်ကုန်မြို့အထိ ယူလာတာ “Untitled Life “တကိုယ်တော်ပြပွဲကို စီစဉ်ကျင်းပပေးပြီး သြဂုတ်လ (၂၅) ရက်ကနေ စက်တင်ဘာလ (၂) ရက်နေ့ အထိ ခင်းကျင်းပြသ ပေးခဲ့ကြတာကတော့ “မိုးခ” ပန်းချီအနုပညာ ပြခန်းပိုင်ရှင် ဦးဘိုဘို၊ ဆရာဆန်နီညိမ်းနဲ့ မိုးခဝိုင်းတော်သားတွေ ဖြစ်ပါတယ်။
“မိုးခ”ကို ပိုပြီး ကျေးဇူးတင်စရာကောင်းတာကတော့ ပန်းချီကားတွေ သာမက၊ ကျန်းမာရေးသိပ်မကောင်းတဲ့ ဆရာ ရာဟုလာကို မင်းကွန်းကနေ ရန်ကုန်အထိ သက်သောင့်သက်သာလာနိုင်အောင် စီစဉ်ပေးခဲ့တဲ့အပြင် စာနယ်ဇင်းတွေ၊ ပန်းချီဆရာတွေ၊ ပန်းချီမြတ်နိုးသူတွေနဲ့ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့ကြတာပါပဲ။

စာနယ်ဇင်းပွဲမှာ ဆရာ့ကျန်းမာရေးအရ စကားသိပ်မပြောနဲ့ ကုလားထိုင်မှာ ထိုင်ပြီးပြောဖို့ ပန်ကြားခဲ့ကြပေမဲ့ ဆရာက အားမရလို့ဆိုပြီး မတ်တတ်ရပ် ပြီးပြောတဲ့အပြင် ကျန်းမာရေးမကောင်းလို့ အားပျော့နေတဲ့ မျက်ဝန်းတွေပါ တလက်လက် တောက်ပလာပြီး မရပ်မနား ပြောနေပါတော့တယ်။

ကျွန်တော်က ပန်းချီကို ဦးသန်းမောင်တို့နဲ့ ပိုစတာရေးခဲ့တာက စဝင်လာခဲ့တာ ပါပဲ။ ကားနံပတ်ရေးတာလည်း ပါတာပေါ့။ နောက်တော့ ဘကြီးတော်စပ်သူက အောင်မောင်းကြီးဇာတ်ထဲမှာ ပန်းချီရေးတော့ မဏ္ဍပ်ဆင်တာတွေ ဘာတွေမှာပါရင်း ဘုန်းကြီးပျံလောင်တိုက်တွေမှာလည်း ပန်းတွေဘာတွေ ဝင်ရေးရာကနေ မျက်စိရည်ဝပြီး ဦးသောင်းဖေနဲ့တွေ့တော့ ပိုစ တာတွေ၊ ဆိုင်းဘုတ်တွေ ရေးဖြစ်ခဲ့ပါတယ်။

မန္တလေးမှာ ဦးချစ်မြဲတို့၊ ဦးအေးကျော်တို့ ဦးကံညွန့်တို့ဆီမှာတက်ရင်း ပန်းချီကျောင်းမပြီးခင် (၁၉၆၄) မှာ တနေရာ ရောက်သွားပြီး အကြာကြီး နေခဲ့ရတယ်။ အဲဒီက ပြန်လာတော့လည်း ပန်းချီရေးတာပဲ။

ကျွန်တော်အရင်ကတော့ Realism ရေးပါတယ်။ အရှိကိုအရှိအတိုင်း ရေးတာပေါ့။ Solo Show တွေကို ရန်ကုန်မှာ(၄)ပွဲ၊ မန္တလေးမှာ (၄) ပွဲ လုပ်ခဲ့တယ်။

နောက်တော့ Realism တွေကို သင်ကြားခဲ့ရတာတွေ တဖြည်းဖြည်းပါးလာပြီး ရေးချင်တာတွေ ရေးလာခဲ့တာ ပါပဲ။ အနု ပညာကို ကျွန်တော်ဆရာကြီး မြို့မငြိမ်းရေးတဲ့ သီချင်း (၃) ပုဒ်နဲ့ တင်စားပြီး ပြောချင်ပါတယ်။ ဆရာမြို့မငြိမ်းက သီချင်း ကို Realism နဲ့လည်း ရေးတယ်။ နိမိတ်ပုံနဲ့လည်း ရေးတယ်။ နောက် Abstract လို့ သူ့ကိုယ်တိုင်တောင် သိမသွားတဲ့ အ မြင်သစ်၊ အတွေးသစ်တွေပါတဲ့ Abstract နဲ့လည်း ရေးသွားပါတယ်။

ပထမဆုံး “စစ်ကိုင်းတောင်” သီချင်းပေါ့၊ အဲဒါဆိုရင် Realism ရေးနည်းနဲ့ ရေးတာ၊ “စစ်ကိုင်းတောင် အထက်နားဆီက ရှေ့တလွှားရှုလိုက်ရင်လေ ဧရာဝတီ၊ ဒုဌာဝတီ . .” ဆိုတဲ့ သီချင်း၊ ကျွန်တော် အခုမဆိုနိုင်တော့လို့ ဖြစ်နိုင်ရင် သံနေသံ ထားနဲ့ တောင်ဆိုပြချင်ပါတယ်။

ဒီသီချင်းက အနုပညာသဘောပြောရရင် Realism ပေါ့။ ပုညရှင် စေတီတို့၊ ဒုဋ္ဌာဝတီတို့ကို အရှိအတိုင်း၊ အမြင်အတိုင်း ရေးတာ။ ကျွန်တော်တို့ ပန်းချီမှာလည်း Realism ဆိုရင်ဘုရား၊ ကျောင်း၊ တန်ဆောင်းပြသာဒ်တွေ ရေးကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးကို Outdoor ထွက်ပြီး ဒါတွေရေးခဲ့ပါတယ်။

ဒုတိယနိမိတ်ပုံ တင်စားချင်တာက သင်္ကြန်သီချင်းပါ။

“ဖြူဖြူပြာပြာနီနီဝါဝါ၊ ဝေဆာမြူးလို့နေ” ဆိုတာ

ဟိုတုန်းက မန္တလေးသင်္ကြန်ဆို မဏ္ဍပ်တွေက အနီရောင်ဝတ်စုံတွေ၊ အပြာရောင်ဝတ်စုံတွေ၊ အဝါရောင်ဝတ်စုံတွေ ဆိုပြီး မဏ္ဍပ်အလိုက် ဝတ်ကြတယ်။ ဆရာငြိမ်းက ဒါကိုပန်းတွေနဲ့ နိမိတ်ပုံတင်စားပြီးရေးခဲ့တာပါ။

“ဟောတရုံ၊ ဟောတရုံ၊ ပန်းမျိုးစုံလို့လေ” “ညှင်းလေသွေး” တို့ဘာတို့လည်း နိမိတ်ပုံတွေပေါ့။
ဘယ်သူမှ မလုပ်သေးဘူး ဆရာငြိမ်းလုပ်သွားတာ။
နောက် Abstract ဆိုတဲ့ သိခြင်း၊ မသိခြင်းတွေရေးတာကတော့
“မပြီးသေးသော ပန်းချီကား”သီချင်းပါပဲ။” မျက်စေ့ကို မှေးမှိတ်၊ အိပ်စက်ရာတွင် . . ချောင်းလိုလို၊ မြစ်လိုလိုတခုသော ကမ်းစပ်ရောက်လာသည်တွင် ထိုစဉ် လှော်ခပ်သူလည်း ရောက်မလာ”
ဆိုတာတွေက ခပ်ဝါးဝါးလေး ထင်နေတာတွေ “Abstract” တွေပါ။

အခု ကျုပ်တို့ ဒီနေ့ ရေးနေတာ အဲဒါမဟုတ်လား။
ကျွန်တော့် ပန်းချီကားတွေကိုကြည့် (၁ဝ) ယောက် ကြည့်ရင် (၁ဝ) မျိုး ခံစားရတာပဲ။
ဟိုတုန်းကတော့ Technique တွေရေးတယ်။ မိန်းကလေးဆိုလည်း အချိုးအဆက်ပြေဖြစ်အောင် လှပအောင်ရေးတာ။

အိမ်မှာ ကင်းဘတ်(စ်)၊ စုတ်၊ ဆေးတွေ အဆင်သင့်အမြဲချထားတယ်။ ရေးချင်တာ၊ အာရုံရတာ ကောက်ရေးလိုက်တာပဲ။ မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းလဲ၊ မျဉ်းမတ် . . .ဒီ ဘောင်ထဲက ဘယ်လွတ်လိမ့်မလဲ။

ပြီးရင် ဆေးမခြောက်မချင်း ထိုင်ကြည့်တယ်။ တချို့က လေးဘက်လေးတန်လုံး ခံစားရတယ်။ တစ်ခါတရံ (၃) ဘက်၊ တစ်ခါတရံ (၂) ဘက်၊ တစ်ခါတရံ (၁) ဘက်တည်း ခံစားရတယ်။ တခါတလေကျတော့လည်း လုံးဝပျက်စီးသွားတာပဲ။

(၁ဝ) ချပ်ရေးရင် Masterpiece (၂) ချပ်ပဲ ထွက်တယ်။
အနုပညာဆိုတာ ပန်းချီမှမဟုတ်ဘူး။ ဂီတတို့စာပေတို့လည်း ရေးတိုင်း မရပါဘူး။ အာရုံရတဲ့အချိန် “ဘတ်ခနဲ” ကောက်ရေးမှရတာ။ Emotion ဆိုတဲ့ “ဈာန်” ရမှ ရေးတယ်။ တပတ်လောက်ထောင်ကြည့်ပြီး ပါးပါးလေးတချက်လုပ် လိုက်တာ။

Emotion နဲ့ စပြီး Emotion နဲ့ ဆုံးတာရှိသလို Emotion နဲ့ စပြီး Technique နဲ့ ဆုံးတာရှိတယ်။ Technique နဲ့ စပြီး Emotion နဲ့ ဆုံးတာလည်းရှိတယ်။ များသောအားဖြင့် Emotion နဲ့ စပြီး Technique နဲ့ ဆုံးတယ်။

ပန်းချီနဲ့ပတ်သက်ရင် အချိန်မရွေးမေး၊ ရှိတာနဲ့ ဆွဲပြနိုင်တယ်။ ရေးချင်သလို ရေးပြီး ရချင်သလိုရတယ်။ ဒါပေမဲ့ “အကြောင်းအရာတခု” အဲဒါကြီးက ရင်ထဲမှာရှိတယ်။ ဒါကို ကြမ်းတမ်းသိမ်မွေ့မှုတွေ၊ ဝေဒနာတွေနဲ့ ပေါင်းစည်းလိုက် တော့ တစုံတခု တွေ့သွားတာပဲ။

ပန်းချီကားဝယ်မယ်ဆိုရင် ပန်းချီဆရာရဲ့ နောက်ကြောင်းရာဇဝင်ကို သိကို သိရမယ်။ Abstract ကို ဗိုလ်စောလည်းရေး တယ်။ ဦးမျိုးခင်၊ ဦးထွန်းစိန်၊ Dr ကိုကိုကြီးတို့လည်း ရေးတယ်။ ကျွန်တော်လည်း ရေးတယ်။

ဒီလေးငါးယောက်မှာ ဘဝအတွေ့အကြုံခံစားချက်တွေ မတူတော့ Abstract တွေက ဘယ်လိုမှ မတူနိုင်ဘူး။

အရောင်ဆိုလည်း ကျွန်တော့်မှာ အရောင်စွဲမရှိဘူး။ ဒါပေမဲ့ ပန်းချီကား တချပ်မှာ Beauty တခုတော့ရှိတယ်။ အလှတ ရား တခုတော့ ရှိတယ်။ Colour နဲ့ Tone ဘယ်ဟာ အဓိကလဲ၊ ဒီနှစ်ခုက ဒင်္ဂါးပြားများလို ဟိုဘက်၊ ဒီဘက်ဖြစ်နေတာ။

ကျွန်တော့် အမြင်တော့ Tone က အဓိကလို့ မြင်တယ်။

အနုပညာရှင်ဟာ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းရတယ်။ ဒါတွေများနေရင် ဘယ်တော့မှ ပန်းချီကား မဖြစ်ဘူး။

ကျွန်တော်က ကိုယ်လုပ်ချင်ရာတွေ လုပ်ထားတာ၊ တစ်သိန်းနှစ်သိန်းပေးရင် တော်ပြီပေါ့။ ‘

‘ရူးသွပ်ခြင်းများစွာနဲ့ အလုပ်လုပ်ရမှာပဲ”

“အနုပညာဆိုတာ တစုံတခု ရူးသွပ်မှ ရတာ”

(ဆရာ ရာဟုလာ ပြောသွားတဲ့ စကားတွေကို အကျဉ်းချုပ် ပြန်တင်ပြထားတာပါ -စာရေးသူ)

ဆရာက မေးမြန်းဆွေးနွေးကြဖို့ ပြောတော့ “ထူးအိမ်သင် portrait” ကို Expressionism နဲ့ ရေးထားတဲ့ ဆရာ့ Emotion ကို မေးဖြစ်ပါတယ်။

[ကျွန်တော်က ထူးအိမ်သင်ကို လေးစားခဲ့တာ၊ မန္တလေးစိန်ရတုမှာ သုံးည၊ ရန်ကုန်မှာ သုံးညကတော့ ထူးအိမ်သင်ကို တွေ့ခဲ့တာ၊ အဲဒီတုန်းက သူရှိသေးတယ်။ သူနဲ့ မသိပေမဲ့ ကြိုက်လည်းကြိုက်တယ်။ ကျွန်တော်က setting ကိုင်ရတော့ သူ့ကိုကားကြားထဲမှာ အိပ်နေတာတွေ့တယ်။ မိန်းမကိုတောင် ခေါ်ပြရသေးတယ်။

သီချင်းလည်း ဆိုလိုက်ရော၊ ဒိုင်းခနဲပဲ၊ တပုဒ်ပြီးတပုဒ် ဆိုသွားတာ၊ ဒီလူနဲ့ ပတ်သက်လို့ အဲဒီမှာ ရူးသွပ်သွားတာပဲ၊ တော် တော်လေးစားသွားတယ်။ သူ့သီချင်းတွေလည်း စုဆောင်းခဲ့ဖူးတယ်။ နောက် ဂျာနယ်တခုမှာ ဂစ်တာတီးတဲ့ပုံတွေ့တော့ ထူးအိမ်သင် portrait ရေးမှပဲဆိုပြီး ကောက်ပြီး Sketch ခြစ်ရင်း အပြာရောင်တွေ ရေဆေးအထူ ရေးနည်းတွေ ဖြစ်လာ တာပါပဲ’

ချိတ်ထားတဲ့ ကားတွေထဲမှာ 46×33 inches အရွယ် Untitled (2010)ဆိုတဲ့ကားဟာ ကျွန်မမင်းကွန်းသွားတုန်းက တွေ့ ခဲ့တဲ့ကားပါ။ ဆင်စီး ချင်းတိုက်ပွဲကို အနီတွေ အဝါတွေနဲ့ ရေးထားတာတွေ့လို့ ဆရာ့ကို ဒီကားနဲ့ ပတ်သက်ပြီးမေးတဲ့အခါ ပြောပြခဲ့တာလေးကိုလည်း သတိရမိပါတယ်။

“မင်းကွန်းမှာ အခုနေနေပေမဲ့ ကျုပ်ရွှေဘိုသားလေ ဆရာမရဲ့၊ ဒီတော့ ကုန်းဘောင်ရာဇဝင်လှန်ဖတ်မိပြီး ဒီကားရးချင် စိတ် ပေါ်လာတယ်။ မုဆိုးဖိုရွာကို တလိုင်းတွေသိမ်းတော့ ထန်းလုံးခံတပ်တွေနဲ့ ပြန်တိုက်တာ။ ဝါးရင်းတုတ်တွေနဲ့ တပ် သားတွေစုပြီး မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျကိုယ်တိုင် ထွက်တိုက်တာကို ရေးတာ။

တိုက်တာမှ ဆရာမရေ မောင်းထုပြီးတော့ အားရပါးရ တရကြမ်းတိုက်တာ။ ကျုပ်မှာရေးနေရင်း ဘယ်ကအားအင်တွေ ဝင်လာမှန်းမသိဘူး။ အရောင်တွေက အနီတွေ၊ အဝါတွေရဲရဲရင့်ရင့် သုံးပြီး ကိုယ်တိုင် ဝင်တိုက်နေရသလို ပါပဲ”

ဆရာ့စကားတွေထဲက အမှတ်တရစကားလေးကိုလည်း သတိရမိလိုက် ပါတယ်။ အဲဒါကတော့

“နောက်ထပ် တကိုယ်တော်ပွဲ (၈) ကြိမ်မြောက် တပွဲလုပ်ဖို့တော့ မောင်းတင်ထားတာပဲ။ အခုတော့ “ပုထိုးတော်ကြီးဘေး က Rahula Art Workshop မှာ ရာဟုလာ ပန်းချီရေးနေသည်ပေါ့”

ဆိုတဲ့စကားလေး ပါပဲ။ ဒါကြောင့် ဆရာရာဟုလာရဲ့ ကားတွေနဲ့ (၈) ကြိမ်မြောက် တကိုယ်တော်ပွဲ လုပ်ပေးတဲ့အပြင် “ပုထိုးတော်ကြီးဘေးက Rahala Art Workshop မှာ ပန်းချီရေးနေတဲ့ ရာဟုလာ” ကို မိုးခအနုပညာပြခန်း အထိ ခေါ်လာ နိုင်တဲ့ မိုးခအနုပညာပြခန်း ဝိုင်းတော်သားတွေကို လေးစားစွာ ကျေးဇူးတင်မိခဲ့ရပါတယ်။

ဒါဟာ ဆရာရာဟုလာအတွက် အကောင်းဆုံးအားဆေး တခွက်လည်း ဖြစ်မှာပါပဲ။ Congratulation ! ပါ ဆရာ ရာဟုလာ

No comments: